မင်းခိုက်စိုးစံရဲ့ ကလေးအတွေးများ ( ၂ )

( ၁ )

``ဟေ့…ချာတိတ်၊ဒီလောက်မိုးရွာနေတာ…ဘာဖြစ်လို့ အိမ်ပြင်မှာ ထွက်ပြီး ရပ်နေရတာလဲ။
ကြည့်စမ်း….မင်းတစ်
ကိုယ်လုံး ရွှဲရွှဲစိုနေပြီ´´

``ကျွန်တော်..ပုန်းနေတာခင်ဗျ´´

``ဟေ့…..ဘာတွေပုန်းနေတာလဲ´´

``မေမေက ရေချိုးပေးမယ်ဆိုလို့ ကြောက်လို့ ပုန်းနေတာ´´

* * * * * * * * * *

( ၂ )

ဒီအတွေးဟာ ကလေး တစ်ယောက်ရဲ့ အတွေး ဖြစ်တဲ့အတွက် တကယ့်ဖြစ်ရပ်နဲ့ သူ့ရဲ့တွေးခေါ်ပုံ လွဲချော် နေတာကိုကြည့်ပြီး ကွန်တော်တို့ ရယ်မော ပစ်လိုက်လို့ ရပါတယ်။

ကလေးငယ်ဟာ ရေချိုးရမှာကို ကြောက်တယ်။ အဲဒီလို သူကြောက်တဲ့အရာကို ရှောင်တိမ်း လိုက်တော့ ရော လွတ်မြောက်သွား သလား ဆိုတော့ မလွတ်မြောက်ပါဘူး။ မိုးရေထဲမှာ ထွက်ပြီးရပ်နေတော့ တစ်ကိုယ်လုံး ရွှဲရွှဲစိုရပြန်တာပါပဲ။

ကျွန်တော်က အဲဒီစိတ်ကူးကလေးကို လူကြီးတစ်ယောက်ရဲ့အတွေး အဖြစ် ပြောင်းလဲပြီး မြင်ကြည့်တယ်။ လူကြီးတွေကရော ဘာထူးလို့လဲ။ ကျွန်တော်တို့ဟာ ဒုက္ခတစ်ခုခု၊ အကျပ်အတည်းတစ်ခုခုနဲ့ ရင်ဆိုင်ရမှာကို ကြောက်ကြတယ်။ ဖြစ်နိုင်ရင် ရင်မဆိုင်ဘူး။ ရှောင်တိမ်းပုန်းအောင်းချင်ကြသည်။ အဲသည်လို ရှောင်တိမ်းလို့ရော ဒုက္ခကနေ လွတ်မြောက်သွားသား ဆိုတော့ မလွတ်မြောက်နိုင်ကြပါဘူး။ ပိုပြီး ဆိုးရွားတဲ့ အကျပ်အတည်းအောက်မှာ ရွှဲရွှဲစိုလျက်သား ဖြစ်သွားကြတာပါပဲ။

မာဂရက်ဘာ့ခ်ဝှိုက် ( Margaret Bourke White ) ဆိုတဲ့ စာရေးဆရာမတစ်ယောက် ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။

``ကြောက်စိတ်နဲ့တွေ့ရင် ရဲရဲရင်ဆိုင်၊ လုပ်သင့်လုပ်ထိုက်တာ တစ်ခုခုကိုလုပ်။ အဲဒီလို လုပ်လိုက်တဲ့အလုပ်က မကြောက်အောင် ကယ်သွားလိမ့်မယ်´´ တဲ့။

အဲဒီစကားကို ကျွန်တော် သိပ်ကြိုက်ပါတယ်။ တကယ်ဆို ကျွန်တော်တို့ အလုပ်သင့်ဆုံးအလုပ်ဟာ အကျပ်အတည်းတွေ၊ ပြဿနာတွေ၊ဒုက္ခတွေ ကို ရဲရဲရင်ဆိုင်ဖို့ ပဲ မဟုတ်လား။ ထွက်ပြေးနေဖို့ မဟုတ်ပါဘူး။

ထွက်ပြေးလိုက်ခါမှ ပြဿနာတွေက ပိုဆိုးရွားသွားတတ်ပါတယ်။အမေရိကန် ပြဇာတ်လောက က နာမည်ကျော် ပြဇာတ် မင်းသမီးကြီး ဟယ်လင်ဟေး(စ်) Helen Heyes ရဲ့ အကြောင်းကို တော်တော်လေး ကြားဖူးကြပြီးသား ဖြစ်မှာပါ။

သူမဟာ အသက် ( ၂၀ ) အရွယ်မှာ နာမည်ကြီး ပြဇာတ်တစ်ပုဒ်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဦးဆုံး ကပြရတယ်။ ရုပ်ရည်ကလည်းလှ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါင်းဆောင်မင်းသမီးကလည်း ဖြစ်ရပြန်ဆိုတော့ ဟယ်လင်က သူ့ကိုယ်သူ အကျေနပ်ကြီး ကျေနပ်နေတာပေါ့။

သူ အစွမ်းကုန် ကြိုးစားပြီး သရုပ်ဆောင်တယ်။ သူ့စိတ်ကူးအိမ်မက်ထဲမှာတော့ သူ့ရဲ့ အနာဂတ်ခရီးဟာ အရမ်းကို လှပချောမွေ့နေပြီပေါ့။ နာမည်ကြီးမယ်၊ ငွေတွေ သောက်သောက်လဲ ရမယ်….စသဖြင့်ပေါ့ ။ သူ့မှာ ရှိရှိသမျှ အားအင်တွေ၊ အစွမ်းသတ္တိတွေကို ညှစ်ထုတ်ပြီး ကြိုးစားခဲ့တာပါ။

သူ့ပြဇာတ် ပထမညအပြီးမှာ အ၀တ်လဲခန်းထဲကနေ ပြီးတော့ သူ့သရုပ်ဆောင်ချက်ကို ချီးကျူးဂုဏ်ပြုဖို့ လာကြမယ့်သူတွေကို စောင့်မျှော်နေတယ် ။

ဒါပေမယ့် သူတကယ်ရင်ဆိုင်လိုက်ရတာကတော့ မျှော်လင့်ထားတာ နဲ့ ဆန့်ကျင်ဘက်။ အမျိုးမျိုး ရှုတ်ချကြတယ် ။ ကဲ့ရဲ့ဝေဖန်ကြတယ် ။

``ကိုယ် သရုပ်ဆောင်ရမယ့် Character ကို မပိုင်နိုင်ဘူး´´

``သဘာဝ မကျဘူး ´´

``ကိုယ့် ကိုယ် ကိုယ် အလှပြ တာ များလွန်းနေတယ်´´….

စသဖြင့်ပေါ့ ။

အဲဒီမှာ အဆိုးဆုံးဝေဖန်ချက် တစ်ခုကတော့…….

``ဒီလို အရည်အချင်းမျိုး နဲ့ နာမည်ကျော် ပြဇာတ်မင်းသမီး ကောင်း တစ်ယောက် ဖြစ်မလာနိုင်ဘူး´´

ဟယ်လင်ဟာ အရမ်းကို တုန်လှုပ်သွားတယ် ။ ရှက်လည်းရှက်သွားတယ်။ သူ့ကိုယ်သူ သေးသေးကလေးဖြစ်သွားသလို ခံစားလိုက်ရတာ ။ ဇာတ်စင်ကို ကျောခိုင်းပြီး ပြဇာတ်လောကကို စွန့်ခွာ ထွက်ပြေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ် ။ သူအ ရှုံးပေးပြီလေ ။ ထွက်ပြေးတော့မယ် ။

ဒါပေမဲ့ အဲဒီမှာ ဟယ်လင်ရဲ့အမေ က အဖိုးတန်တဲ့စကား တစ်ခွန်း လက်ဆောင်ပေးခဲ့ပါတယ်။

``သမီး…လက်တွေ့ အခြေအနေကို ရှောင်နေလို့မရဘူး ´´

ဟယ်လင်ဟာ သတ္တိမွေးပြီး ရဲရဲ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ် ။ အဲဒီမှာ သူ့ကို ဝေဖန်တဲ့ ဝေဖန်ချက်တွေဟာ အမှန်တွေ ချည်းပဲလို့ လက်ခံလာနိုင်တယ် ။ သူဟာ သရုပ်ဆောင်ပညာကို အစကနေ ပြန်လေ့လာသင်ယူပြီး ကြိုးစားတော့တာပဲ ။ ဒုက္ခတွေကို ခါးစည်းခံပြီး လို့ (၄) နှစ်အကြာ မှာ သူဟာ ကမ္ဘာကျော် ပြဇာတ် မင်းသမီး တကယ်ဖြစ်လာတော့ တာပါပဲ ။

ကျွန်တော်တို့ရော ဒုက္ခကို ဘယ်လိုရင်ဆိုင်နေကြပါသလဲ ။ ရှောင်ပြေးနေသလား ။ ရဲရဲရင်ဆိုင်နေကြသလား ။ ရှောင်ပြေးနေကြသေးတယ် ဆိုရင်တော့ `ကလေးအတွေး´ပဲရှိသေးတယ်လို့ ပြောရမလို ဖြစ်နေပါတယ် ။


3 comments:

    မင်းခိုက်စိုးစန်ရဲ့ ကလေးအတွေးလေးတွေကို သဘောကျတယ်။ လူကြီးဆိုတာလဲ ကလေးဘ၀က လာတာမို့လို့ ကလေးစိတ် မကုန်ကြသေးတာ ဖြစ်မှာပေါ့နော်...။ ဒါပေမယ့် နေရာတကာမှာ ကလေးဆန်နေမယ် ဆိုရင်တော့ အသက်ကြီးပြီး အတွေးအခေါ် မရင့်ကျက်တဲ့သူတစ်ယောက်အဖြစ် ပတ်ဝန်းကျင်က သတ်မှတ်တာကို ခံရမှာပါပဲ။ လူကြီးတစ်ယောက်ဟာ ကလေးအတွေးနဲ့ ပြဿနာတွေကို ရှင်ဆိုင်မဖြေရှင်းဘဲ ခေါင်းရှောင်နေမယ်ဆိုရင် အောင်မြင်မှုနဲ့ ဝေးနေမှာလဲ သေချာတယ်နော်...။ မင်းခိုက်စိုးစန် စာအုပ်တွေ တော်တော်များများ ဖတ်ဖူးပေမယ့် ဒီစာအုပ်ကို မဖတ်ဖူးလို့ ရှာဖွေပြီး တင်ပေးတာ ကျေးဇူးပါ ကိုငြိမ်းချမ်းရေ...။

     

    လူကြီးအတွေးဖြစ်အောင် ကြိုးစားရမယ်ဆိုတာ ပိုသိလာတယ် သူငယ်ချင်းရေ။ အားပေးနေတယ်။ ဖောင့်ဆိုက် ကြီးလိုက်ဖို့ ပြောချင်တယ်။ အကြံပေးတာနော်။ ကျွန်တော် မျက်မှန်သမားမို့ သိပ်အဆင်မပြေလို့။ လင့်လိုက်ပြီနော်။

     

    ကောင်းတယ်ဗျာ ...အလဲမျိုးအရေးအသားတွေ...
    မတွေ့မိဘူး ဘလောဂ်တွေမှာ..

     

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။