နှုတ်မဆက်ရက်ပေမဲ့ ချန်ထားခဲ့ရပြီ ၂၀၀၇ …..ကမ်းလင့်ကြိုပါအုံး 2008

နှုတ်မဆက်ရက်ပေမဲ့ ချန်ထားခဲ့ရပြီ ၂၀၀၇ …
သက္ကရာဇ်တွေ တစ်ခုပြီး တစ်ခု စားသုံးရင်း ပြက္ခဒိန်ကြီးကတော့ ခရီးဆက်ဆဲပေါ့ …
ခုလည်း ကျွန်တော်တို့ ဆီလာရောက်ခြင်း မဟုတ်သော ........
ကျွန်တော်တို့ကသာ ၀င်ရောက်သော
.......သက္ကရာဇ်တစ်ခုတိုးတဲ့ ၂၀၀၈ ကို ကြိုဆိုကြရတော့မယ် …

ကျွန်တော်တို့သည် တစ်မိုးသောက်တာနဲ့ မျှော်လင့်ချက် အသစ်တွေ မွေးဖွားတာပဲလေ …
အခုတစ်ခါတော့ သက္ကရာဇ်တစ်ခုတိုးတော့ မျှော်လင့်ချက်တွေ ကြီးကြီးမားမားပေါ့ …

၂၀၀၈ကတော့ အားလုံးကို အပြန်အလှန်ကြိုဆိုနေပြီလေ … သူ့ဆီဝင်ရောက်သွားရင်
သူကတော့ ကျွန်တော်တို့ကို ဘာတွေပေးမလဲ … မျှော်လင့်ချက် တနင့်တပိုးနဲ့ …
အခုလောလောဆယ်တော့ သူ့ကိုကြိုဆိုမယ်ဆိုတဲ့ ကျွန်တော်တို့ရင်ထဲကို
အပျော်တွေကို အရင်ထဲ့ပေးလိုက်တယ် … အားလုံးကြိုဆိုကြမယ် မဟုတ်လား …
ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး တူတူပေါ့နော် … ။

"Happy New Year 2008"


အများစုက နှစ်သစ်ကိုကြိုဆိုဖို့ဘဲ ပြင်ဆင်နေကြတယ် … ကျွန်တော်တို့ကို
တစ်နှစ်တာလုံး လက်တွဲခေါ်ခဲ့တဲ့ … အတူတူ ဖြတ်သန်းခဲ့တဲ့ ဒုက္ခတွေ တူတူ
ကျော်လွှားခဲ့တဲ့ နှစ်ဟောင်းလေးကိုရော အကောင်းဆုံး နှုတ်မဆက်သင့်ဘူးလား …။

အသစ်ကို ကြိုဆိုဖို့ ပြင်ဆင်ကြသလို နှစ်ဟောင်းကို အကောင်းဆုံး
နှုတ်ဆက်ကြရအောင်နော် …

"Thanks a lot & Good Bye 2007"

သူငယ်ချင်းတို့ရေ …
၂၀၀၈ ကိုတော့ ရင်ခုန်နှုန်းမြန်မြန်နဲ့ ကြိုဆိုပြီးရင်တော့ … သူ့ရဲ့
အသီးအပွင့်တွေကို ကျွန်တော်တို့ ဘယ်လိုပျိုးထောင် စားသုံးကြမလဲ …
ကျွန်တော်တို့ ၂၀၀၈ ဆီမှာ ဘာတွေတောင်းဆိုကြမလဲ … သူ့ကိုလဲ ကျွန်တော်တို့
ဘာတွေပြန်ပေးကြမလဲ ….
ရင်ခုန်ရင်း .. မျှော်လင့်ရင်း .. ကြည်နူးရင်း …. သက္ကရာဇ် တစ်ခု
မွေးဖွားသန့်စင်ခြင်းဆီမှသည် …

ကိုရန်အောင်ရေ ကျေနပ်တော့နော် ..

ဆက်ဖတ်ရန်...

သင့်ဘ၀ကိုပြောင်းလဲပစ်နိုင်သော.....

1. ဆိုးဝါးတဲ့ အချိန်တွေ ကုန်ဆုံးသွားတော့ မှာပါ။ အရာရာဟာ ပြောင်းလဲနေတယ်။
ကျွန်တော် ဟာ အခက်အခဲ တွေ ရင်ဆိုင်ရတဲ့အခါ စိတ်ဓါတ်ကျပြီး အားလုံးကို အရှုံးပေးချင်စိတ်တွေ ဖြစ်ပေါ်လာမိပါတယ်။ အဲဒီအချိန်တွေမှာ အနားမှာ အားပေးမဲ့ မိတ်ဆွေကောင်း တယောက်လောက်တော့ လိုအပ်တာအမှန်ပါ ။မိတ်ဆွေများရဲ့ ဖေးမမှုနဲ့ ဆိုးဝါးတဲ့အချိန်တွေကို ကျော်ဖြတ်ပြီး အရာရာကို ပြောင်းလဲပစ်လိုက်ချင်ပါတယ်။သင်တို့ရော ကျွန်တော်လို ယူဆပါသလား…………………………………

2. NO ဆိုတဲ့ အဖြေ ကို လက်မခံပါနဲ့။ ဇွဲရှိခြင်းက ရလဒ်ကောင်းမှာပါ။
ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကြိုးစားရင်ဆိုင် တဲ့အခါ မှာ ငြင်းပယ် တဲ့ စကားတွေကို
ရှောင်ရှားရင်း ဇွဲနဲ့လုပ်ကိုင်ရင်း ရလဒ်ကောင်းများကို ပိုင်ဆိုင်ခွင့်ရခဲ့ကြပါတယ်။ သင်တို့ရော NO ဆိုတဲ့
စကားလုံး ကို ပြောလေ့ရှိပါသလား…………………..

3. တောက်ပစွာပြုံးပါ။ သင့် ဘ၀ ကို တောက်ပစေလိမ့်မယ်။
ကျွန်တော် ဟာ အပြူံးများနဲ့ ရင်းနှီးတဲ့သူတစ်ယောက်ပါ။ မိတ်ဆွေအပေါင်းအသင်းများကြား ၌ တောက်ပသော အပြုံးများ အမှန်တကယ် လိုအပ်ပါတယ်။ သင်တို့ရော အပြုံးတွေနဲ့ တောက်ပနေပါရဲ့လား……

4. အိမ်မက်တွေက တစ်ကယ်ဖြစ်လာနိုင်ပါတယ် - ယုံသာယုံ လိုက်ပါ။
ကျွန်တော်တို့အားလုံး ဟာ အနာဂတ်အတွက် အိပ်မက် များစွာ ရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ မိမိကိုယ့်ကို ယုံကြည်ဖို့ လိုအပ်ပါတယ်။သင်တို့ရော မိမိ အိပ်မက် အပေါ်
ယုံကြည်မှုရှိပါသလား…………………


5. သင်ပြောချင်တာကို အဓိပ္ပါယ် ပေါက်အောင် ပြောဆိုပါ။
ဘ၀က လေပြည်လေညင်းလေး ဖြစ်လာပါလိမ့်မယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် တဦိးနှင့်တဦး ပြောဆိုဆက်ဆံရာတွင် ခက်ထန်ကြမ်းတမ်းမှုများ ကို မကြာခဏ ကြားရလေ့ ရှိပါတယ်။ အမှန်တကယ် တော့ တခြားသူ နားဝင်ချိုစေ မဲ့ စကားလုံးတွေ ကိုသာ
သုံးနှုန်းခဲ့မယ် ဆိုရင်ဖြင့် သင့်စကားလုံးများသည် ဘ၀အတွက် လေပြေလေညင်းလေး ဖြစ်လာမယ် ဆိုတာ
သေချာပါတယ်။ သင်တို့ရော သာယာသော စကားလုံးများ ဖြင့် လောကကို အလှဆင်ပါရဲ့လား…….

6. ခွင့်လွတ်ခြင်းက ပျော်ရွင်မှုကို ဖန်တီးပေးတယ် - ကြိုးစားကြည့်ပါ။
လူတယောက်ရဲ့ မှားယွင်းမှုများကို ထုပ်ဖော်ဝေဖန် မဲ့ အစား သူရဲ ချို့ယွင်းချက်များကို ခွင့်လွတ်ခြင်းဖြင့် လက်တွဲခေါ်ယူမယ်ဆိုရင် လောကကြီး ဟာ သာယာလှပ လာမှာအမှန်ပါဘဲ။ သင်တို့ရော ကြိုးစားဖူးပါသလား…….

7. ချီးကျူးခြင်းကို လက်ခံလိုက်ပါ။ အပြုံးလေးတစ်ချက်နဲ့ ကျေးဇူးတင်ပါတယ်
ဆိုတဲ့ စကားလေးတစ်လုံးကိုပြောလိုက်ပါ။
ကျွန်တော်တို့ အားလုံး ဟာ ချီးကျူးစကားများ နဲ့ ရင်းနှီးသူများသာ ဖြစ်ပါတယ် ။ မိမိ ကို ချီးကျူးမှုများ ကို
တုန့်ပြန် အပြုံးလေးဖြင့် ကျေးဇူတင်ပါတယ်ဟု ပြန်လည်ပြောဆိုခြင်းဖြင့် နှစ်ဦး စလုံးအတွက် တကယ့်
နွေးထွေးတဲ့ ဆက်ဆံမှု ကိုဖြစ်ပေါ်စေပါတယ်။ သင်တို့ရော အပြုံးလေးဖြင့် တုန့်ပြန်ဖူးပါသလား……………..

8. အကောင်းဆုံးကို မျှော်လင့်ပါ။ တစ်ကယ်ဖြစ်လာပါလိမ့်မယ်။
ကျွန်တော်တို့ဟာ အဆိုးဝါးဆုံးများကို ရင်ဆိုင်ရင်း အကောင်းဆုံးများကို မျော်လင့်မိတာ သဘာဝပါ။
ဒါမှလည်း မျော်လင့်ချက်တွေနဲ့ ရှင်သန်ရင်း နေ့ရက်များကို ကျော်ဖြတ်ဖို့ ခွန်အားသစ်များရရှိလာခဲ့ပါတယ်။
သင်တို့ရော အကောင်းဆုံ့းတွေကိုမျှော်လင့်ထားပါသလား…………….

ခင်စောတင့် ရဲ့သင့်ဘ၀ ကို ပြောင်းလဲပစ်နိုင်မယ့် နည်းလမ်းကောင်း များ စာအုပ်ထဲမှ အချက်များကို ဖြန့်ကျက် တွေးတောချက်များဖြစ်ပါတယ်။

ဆက်ဖတ်ရန်...

နှုတ်ဆက်တော့မယ့်....2007

ဘယ်သူပြောလဲ ..
ကျွန်တော် မငိုတတ်ဘူးလို့ ……..


ငေးမိသည်က
မဟူရာလမ်းတစ်လျှောက် နဲ့
ပနံသင့်လှတဲ့
ငုဝါ ပင်တန်းတွေ
မြင်ကွင်းတစ်ဆုံး ……….


တစ်ချို့က ဖူးသစ်စ ၀င့်ဝင့်ကြွား
တစ်ချို့က ပွင့်ဆင်တုန်း စိမ်းစိမ်းလန်း
တစ်ချို့က လေနုခြွေ ၀ဲဝဲလွင့်
တစ်ချို့က မြေခလျက် ၀ါကြင်ကြင်
တစ်ချို့က ……………


ဒါပေမယ့် ..
ခုတော့ ..
အလွမ်းသင့် ဆည်းဆာညိုက
ရွက်ဝါတွေ့ရဲ့ မျက်ရည်ပလ္လင်မှာ
သူ့ နောက်ဆုံးအလှနဲ့ အစွမ်းကုန်တောက်ပနေလေရဲ့


ကျေးဇူးပြုပြီး
ရွက်ကြွေပေါ် နင်းမလျှောက်ပါနဲ့
ဆည်းဆာလည်း မရုတ်သိမ်းပါနဲ့အုံး
အခွင့်ရှိသလောက်
ကျွန်တော့် ကို ငေးကြည့်ခွင့်ပေးပါ ..


ဘယ်သူပြောလဲ
ကျွန်တော် မငိုတတ်ဘူးလို့ …….


( နှုတ်ဆက်တော့မယ့် 2007 သို့)

ဆက်ဖတ်ရန်...

သတိရခြင်းတွေ ရှင်သန်ဖို့

ကျွန်တော်တို့သည် နေ့စဉ်ဘ၀တွေကို ဘ၀အမောတွေကြား ပင်ပန်းကြီးစွာ ဖြတ်သန်းနေရတယ်။ ဒီလိုဖြတ်သန်းမှုတွေမှာကျွန်တော်တို့ ကြုံတွေ့ရတဲ့ မြင်ကွင်းတွေက ထပ်တူကျနိုင်သလို ပြောင်းလဲမှုတွေလည်းဖြစ်ပေါ်နေတယ်။
ဒီအဖြစ်အပျက်တွေကို ဦးနှောက်ဥာဏ်နဲ့ မှတ်တမ်းတင်သလို … စိတ်ခံစားမှုနဲ့လည်း မှတ်ကြပါတယ် .. လူတွေ ပြောလေ့ရှိတာက သတိရတယ် လွမ်းတယ် စသဖြင့်ပေါ့… သတိရခြင်းဟာ စိတ်နဲ့ သတိရပေမယ့် သတိရခြင်း ဘယ်အချိန်မှ ဖြစ်ပေါ်သလဲနှင့် ဘယ်အချိန်လောက်ထိ သတိရကြပါသလဲ ....
သတ
ိရခြင်းနဲ့ အမှတ်တရ ဆိုပြီး မေးလ်များ၊လက်ရေးစာ များ အမှတ်တရ ပစ္စည်းလေးများ ပေးပို့ကြပါတယ်။ သင်တို့ရော သတိရခြင်း ဆိုတာ ဘယ်အချိန်မှာ ဖြစ်ပေါ်ပါသလဲ။ စိတ် က အရေးကြီးတယ်ဆိုတာ ပြောသံတွေ အမြဲကြားနေရပါသည်။ အဲဒီ စိတ်တွေ ဘယ်အချိန်မှာ ဖြစ်ပေါ်ပါသလဲ ။စိတ်၌အလိုလိုပေါ်ပေါက်နိုင်သလို ရုပ်ဝတ္တုကြောင့်လည်းသတိရနိုင်သည်လေ …
ကျွန်တော်တို့ ဖြတ်သန်းလာသော သူငယ်ချင်းများအားလုံးကို သတိရပါသလား။အုပ်စုလိုက် ရိုက်ခဲ့သောပုံ များကိုကြည့်ပြီး သတိရခြင်းတွေ ဖြစ်ပေါ်ပါသလား။ စိတ်ကူးသက်သက် နဲ့ အားလုံးကို သတိရပါသလား …အမှတ်တရ ပစ္စည်းကို မြင်လျှင် ဒါဘယ်တုန်းကပေါ့ .. ဘယ်လိုလေး လေ .. ဆိုပြီးသတိရခြင်းတွေ ပြန်လည် မွေးဖွားတတ်ပါသည်။
ကျွန်တော် တို့ ချစ်သူများအတွက် .. ဖေဖေ မေမေ ညီ ညီမလေးများ အတွက်
သတိရခြင်းတွေ ဘယ်လို မွေးဖွားကြပါသလဲ…..ကျွန်တော့်အမြင်အရတော့ စိတ်ကအဓိကဟု ဆိုပေမယ့်လဲ ရုပ်ဝတ္တုတွေကြောင့်သာ ပို၍ပို၍ ခံစားချက်များ တိုးတိုးလာသည်ဟု ယူဆမိပါသည်။
ထို့ကြောင့် မိဘမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေများကို မွေးနေ့ ၊ခရစ်စမတ် ၊နှစ်သစ်ကူးအထိမ်းအမှတ် ကဒ်ကလေးတစ်ခုလောက် သင်ပို့ဖြစ်ရဲ့လား… ထိုအတူ သင်ရော လက်ခံရရှိဘူးပါသလား ၊လက်ခံရရှိချိန်တွေ ခံစားရသော ခံစားချက် ၊၀မ်းမြောက်မှုသည် ရုပ်ဝတ္တုကို အခြေခံ၍ ပေါ်ပေါက်လာသော ခံစားချက်များ မဟုတ်ပါလား………

နေ့စဉ်ဖြစ်ပျက်မှုများမှာ ရုန်းကန်လှုပ်ရှားရင်း သတိရခြင်းများဖြင့် စိတ်ခံစားမှုများ ရှင်သန်စေရန် အတွက် ရုပ်ဝတ္တုအကူအညီ ပံ့ပိုးမှု လိုအပ်သည်မှာ အသေအချာပင်ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်တို့အနေနှင့် သတိတရရှိကြောင်း ဖြော်ပသည့် အမှတ်တရပစ္စည်းလေးများ ပေးပို့ခြင်းဖြင့် မိတ်ဆွေသင်္ဂဟများအကြား နွေးထွေးသော စိတ်ခံစားမှုများ နှင့် ပျော်ရွှင်မှုကို တည်ဆောက်ပေးရင်း ချစ်ခင်ရင်းနှီးစွာ ခရီးဆက်ကြပါစို့လားနော်…………

ဆက်ဖတ်ရန်...

ညဒဏ္ဍာရီ

နှင်းငွေ့ကြည်မြ (တစ်)ခြမ်းပဲ့လနှင့်
လင်းဝါရိပ်တွင် အရိပ်ထင်မြဲ
ကျွန့်စိတ်ကူးထဲဝယ် …

ည မှောင်တွေပျောက် တစ်မိုးသောက်လည်း
လွမ်းမြဲလွမ်းစေ တမ်းတဝေဆဲ
ကျွန့်စိတ်ကူးထဲဝယ် …

ကြယ်ဖြူလင်းပြူ နှင်းမှုန်ဝေသော
လရိပ်ဝါ၀ါ လမ်းခင်းသာတွင်
ချစ်သူ့လက်ဆွဲ မခွဲတွဲလျှောက်
ကြည်နူးမဆုံး ပျော်မဆုံးတည့်
ကျွန့်စိတ်ကူးထဲဝယ် …

( လသာသာ နှင်းထူထူ ညနက်နက် ကားပျက်ည သို့ )

ဆက်ဖတ်ရန်...

မေတ္တာတရား

ကျွန်တော်တို့သည် နေ့စဉ် နိစ္စဓူဝ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေကြသည် ။ မိမိ ကိုယ်တိုင် ဆောင်ရွက်သလို အခြားသူများ၏ အကူအညီ ဖြင့်လည်း လုပ်ဆောင်ကြသည်။ အခြားသော သူများကိုလည်း ကူညီပေးနေကြသည်။ ထိုသူများတွင် ကျွန်တော်တို့ သိကျွမ်းသူများပါဝင်သလို လုံးဝ မသိကျွမ်းသူများလည်းပါဝင်ကြသည်။
ကူညီမှုကို လုပ်ကိုင် ဆောင်ရွက်ရာတွင် မျှော်လင့်ချက် (ရယူလိုမှု) ဆိုသောအရောင်လေး စွန်းထင်း
နေနိုင်သလို သန့်စင်သော မေတ္တာတရားနှင့် ကူညီမှုလည်း ရှိနိုင်ပါသည် ။ ကူညီသင့်၍ ကူညီရသလို မိမိဆန္ဒအလျှောက် အကူအညီ ပေးလိုက်သည်လည်း ရှိ၏ ။ မိမိ ကူညီလိုက်မှုတွင် သန့်စင်သော မေတ္တာတရား ဘယ်လောက် ရာခိုင်နှုန်း ပါဝင်ပါသလဲ……… ။

ဥပမာ .. ကျွန်တော်တို့ ရှေ့တွင် စက်ဘီးလဲနေသူ တစ်ယောက်ကိုတွေ့ရင်ကူညီမည်လား ။
ထိုသူသည် သူစက်ဘီး မလဲခင် ကျွန်တော်တို့ကို ပြဿနာရှာသူ
ဖြစ်ခဲ့ပါက ကူညီမည်လား ။
နောက်တစ်ခုက ..ကျွန်တော်တို့သည် သူတစ်ပါးကို အကူအညီ ပေးကြရာတွင် ၀တ်ကျေတန်းကျေ
ကူညီပေးသည်လား။ သူနှင့် ထိုက်တန်သလောက်ဟု ကိုယ့်စိတ်နဲ့ သတ်မှတ်၍ ကူညီသည်လား။
သို့မဟုတ် ကျွန်တော်တို့ ခွန်အား ရှိသလောက် ကူညီသည်လား။

ကျွန်တော်သည် လူတစ်ယောက်ကို မေးခွန်းတစ်ခု မေးဖူးပါသည်။ သူသည် လူတစ်ယောက်ကို အားလပ်၍ အချိန် တော်တော်များများ ကူညီခဲ့သည်။ အကြိမ်များများ ကူညီခဲ့သည်။
သူကူညီလိုက်သူထံမှ ပြန်လည် ကူညီမှုကို မျှော်လင့်ခဲ့ပါသလား။
တုန့်ပြန်မှုကို မရရှိခဲ့သော် ဘယ်လို ယူဆပါသလဲ ဟု မေးခဲ့ဖူးသည်။ သူ ၏ အဖြေကတော့ ပြန်လည် ကူညီမှုမရလျှင် သူ ရှုံးသည် တဲ့လေ။
( ကျွန်တော်တို့ ၏ ပြင်သင့်သော စိတ်ဓါတ်များ )
ကျွန်တော့် ပတ်ဝန်းကျင်တွင် ကြားဖူးသည် ။ သူ့အလှည့်တုန်းက လိုက်လုပ်ပေးရတယ် ..

ကျွန်တော် အလှည့်တော့ လိုက် လုပ်မပေးဘူး တဲ့ .. အဲဒီ အသံများ ကြားရချိန်တွင်
စိတ်မကောင်းပါ ။
ကိုယ် ကူညီပေးချိန်တွင် ကိုယ်တိုင် အားလပ်၍ လိုလိုလားလား ကူညီ
ပေးခဲ့သည် မဟုတ်ပါသလား ။
သြူပန်လည် အကူအညီတောင်းချိန်တွင် ကျွန်တော်တို့ ဖျားနာနေပါက ကူညီနိုင်မည်လား။
အဘယ်ကြောင့် တစ်ဘက်လူ၏ အဆင်မပြေမှုကို ထည့်မစဉ်းစားပါသလ။ဲ
သူ တစ်ကယ်ပဲ မအားတာလား .သူ့ရဲ့ စိတ်ဓါတ်ကြောင့်လား ဆိုသည့် အကြောင်းရင်းကို မဝေခွဲပဲ ဘာကြောင့်များ ကိုယ့် ကူညီပေးလိုက်မှုကို အရောင်စွန်းထင်းစေတာလဲ ဟု မေးစရာ ရှိလာပါသည်။.

နောက်တစ်ခုက … ကျွန်တော်တို့သည် အကူအညီတွေကို မျှော်လင့်ချက်မဲ့စွာပေးဖူးကြပါလိမ့်မည်။
ထိုအကူအညီ အပေါ် ပြစ်တင် ဝေဖန်မှုများကို ကြားရသည့်အခါ စိတ်ထဲတွင် နာကျင်စွာ ခံစားဖူးကြပါသည်။

ကျွန်တော့်ကို ဆရာတစ်ယောက်က ပြောဖူးသည်။ သူ့ကို လူတစ်ယောက်က အကူအညီတောင်းလျှင်
သူလုပ်ဆောင်ရမည့် အလုပ်များကို မလုပ်ပဲ အကူအညီတောင်းသည့် ကိစ္စကို သူကိုယ်တိုင် ကြီးကြပ်သည်။ သူ့ စိတ်တိုင်းကျ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးသည် တဲ့ ။

သူ့စိတ်တိုင်းကျ အပင်ပန်းခံ လုပ်ဆောင်ထားခဲ့သော အရာသည် အကူအညီ တောင်းသူ၏ စိတ်တိုင်းကျ မဖြစ်ရင်တောင် ကိုယ့်စိတ်ကျေနပ်မှုကို တော့ ပေးစွမ်းနိုင်သည် တဲ့။ လုပ်ဆောင်ခဲ့စဉ်က သူတောင် မကျေနပ်မှု (စိတ်တိုင်းမကျမှု) ရှိခဲ့လျှင် အကူအညီ တောင်းသူ ရင်ထဲတွင်ရော………. …………..
ကျွန်တော့် စိတ်ထဲတွင် ကျွန်တော့်ပတ်ဝန်းကျင်မှ လူများကို တတ်စွမ်းသလောက် ကူညီမည်။ ပြန်လည်တုန့်ပြန်မှုကို မျှော်လင့်မထားပဲ ကျွန်တော့်စိတ်တိုင်းကျပေါ့ ။ ဒါပေမယ့် တစ်ပြိုင်နက်တည်းနှင့် လူပေါင်းများစွာ၏ လိုအပ်ချက်များကိုတော့ မကူညီနိုင်သေးပါ။ သို့ဖြစ်၍ ကျွန်တော် မကူညီလိုက်နိုင်သူက ကျွန်တော့်ကို အမျိုးမျိုး ပြောဆိုပါကလဲ ကျွန်တော် တုန်လှုပ်မည် မဟုတ်ပါ ။
ကျွန်တော်သည် မည်သူ့ထံမှ အကူအညီကို မျှော်လင့်မထားပါ ။သို့သော် မေတ္တာတရား သည် ရောင်ပြန်ဟပ်လျှက် ရှိပါသည် ။ မေတ္တာရဲ့သဘောကိုက အလျားအနံမရှိပေမယ့် အသွားအပြန် ရှိသည် မဟုတ်ပါလား …………..

သင်တို့ရော မေတ္တာတရား ကို ဘယ်လို နားလည် လက်ခံ ထားကြပါသလဲ………..………

ဆက်ဖတ်ရန်...

ကလေးတို့နှင့် အလုပ်လုပ်ခြင်း

  1. ဝေဖန်အပြစ်ရှာမှု နှင့် နေနေရသော ကလေးသည် ပြစ်တင်ရှုတ်ချတတ် လာပါသည်။

  1. ရိုင်းပြမှု နှုင့် နေနေရသောကလေးသည် တိုက်ခိုက်ရန်လုပ် တတ်လာပါသည်။

  1. ကြောက်ရွံမှု နှင့် နေနေရသောကလေးသည် စိုးရိမ်ပူပန်သောက ရောက်လာပါသည် ။

  1. သနားမှု နှင့် နေနေရသောကလေးသည် သူ့အတွက် သူဝမ်းနည်းမှု ခံစားပါလိမ့်မည်။

  1. မနာလိုမှု နှင့် နေနေရသော ကလေးသည် မနာလို သ၀န်တိုတတ်လာပါသည် ။

  1. ပြယ်ရယ်ပြုမှု နှင့် နေနေရသော ကလေးသည် ရှက်တတ်လာပါသည် ။

  1. ရှက်မှု နှင့် နေနေ ရသော ကလေးသည် အပြစ်ရှိသည်ဟု ခံစားလာရပါသည် ။

  1. အားပေးမှု နှင့် နေနေရသော ကလေးသည် ယုံကြည်စိတ်ချမှု ရှိလာပါသည် ။

  1. သည်းခံမှု နှင့် နေနေရသော ကလေးသည် သည်းခံစွမ်းရည် ရှိလာပါသည် ။

  1. ချီးမြှောက်မှု နှင့် နေနေရသော ကလေးသည် နားလည်တန်ဖိုး ထားတတ်လာပါသည် ။

  1. လက်ခံမှု နှင့် နေနေရသော ကလေးသည် ချစ်ခင် တတ်လာပါသည် ။

  1. နှစ်သက်ထောက်ခံမှု နှင့် နေနေရသော ကလေးသည် မိမိကိုယ်ကို နှစ်သက် သဘောကျလာပါသည်။

  1. အသိအမှတ်ပြုမှု နှင့် နေနေရသော ကလေးသည် ရည်မှန်းချက်ထားခြင်း ၏ ကောင်းကွက် ကို သိလာပါသည် ။

  1. မျှဝေ ခံစားမှု နှင့် နေနေရသော ကလေးသည် ရက်ရောပြီး စေတနာကောင်းလာပါသည်။

  1. ရိုးသားမှု ၊မျှတမှု နှင့် နေနေရသော ကလေးသည် အမှန်တရား နှင့် မျှတမှုကို နားလည်လာပါသည်။

  1. လုံခြုံမှု နှင့် နေရသော ကလေးသည် မိမိကိုယ်၌လည်းကောင်း၊ပတ်ဝန်းကျင် လူများအပေါ်တွင်လည်းကောင်း ယုံကြည်မှု ရှိလာပါသည် ။

  1. ချစ်ခင်ရင်းနှီးမှု နှင့် နေနေရသော ကလေးသည် လောကကြီးသည် နေဖို့ကောင်းသောနေရာဟု မြင်လာသည်။

  1. တည်ငြိမ်အေးချမ်းမှု နှင့် နေနေရသော ကလေးသည် စိတ်အေးအေးနေ တတ်လာပါသည် ။

ကျွန်တော် မအားလပ် တဲ့အချိန်တွေမှာ ဘလော့လေး ကို လာလည်သူများကို ခုတစ်ခါ ဝေငှချင်တာကတော့ ဆရာမောင်သစ်ဆင်း ရဲ့ ကလေးတို့၏ မနက်ဖြန် ဆိုတဲ့ စာအုပ်ထဲက ကောက်နှုတ်ချက်လေး ဖြစ်ပါတယ်။ ကျွန်တော် အချိန်ရတာနဲ့ ကိုယ်တိုင်ရေးများကို တင်ပါ့မယ်။ ခုလောလောဆယ်တော့ ဒီပို့စ်လေးနဲ့ပဲ ကျေနပ်ပါလို့နော် ။လာလည်သူများကို ကျေးဇူး အထူးတင်ပါတယ်။

ဆက်ဖတ်ရန်...

ကျွန်တော်နှင့် မိဘချစ်ခြင်းမေတ္တာ

ကျွန်တော့် တွင် မောင်နှမ သုံးယောက်ရှိသည်။ သို့သော် ဖေဖေ နှင့် မေမေ သည်
ကျွန်တော်ကို ပိုချစ်သည်ဟု ထင်ရလေသည်။ မေမေဆို ပြောစရာပင် မလိုပါ။
အဘယ်ကြောင့် ဆိုသော်..ထူးအိမ်သင် ၏ သီချင်းထဲကလို……ကျွန်တော်သည်
မေမေ ၏ နေမကောင်းသော..အဝေးရောက်နေသော…ဆိုးသွမ်းသော… ဂုဏ်ပုဒ်
သုံးခုစလုံးနှင့် ကိုက်ညီ သည့် သားတစ်ယောက် ဖြစ်သောကြောင့်ဟု ထင်ပါသည်။

တခါတရံ…ပတ်ဝန်းကျင်တွင် ပြောလေ့ရှိကြတာ ကြားဖူးပါသည် ။မိဘများသည်
သားသမီးများကို တန်းတူမချစ် တစ်ဦး တစ်ယောက်
ကို ပိုချစ်သည် တဲ့လေ
ရုပ်ရှင် ဇာတ်လမ်း များတွင်လည်း တွေ့မြင်နေရသည်။ထို့ အတူ သူငယ်ချင်း အချင်းချင်း
အပြန်အလှန် ခင်မင်မှုတွင်လည်း မတူညီမှုများကို မကြာခဏ တွေ့မြင်ရလေ့ ရှိပါသည်။

သင်တို့တွင် သူငယ်ချင်းများစွာ ရှိကြလိမ့်မည် … အားလုံးကိုစပြီး
တူတူ ခင်ပါသလား ..ခွဲခြားပြီး ခင်ပါသလား … ပိုခင်သော သူရှိပါသလား …
ခင်ရင်းနှင့် ကွဲသွားကြတာပါ … သင်တို့ သူငယ်ချင်း အားလုံးအပေါ် အခွင့်အရေး
တန်းတူပေးပါသလား … ဘာလို့ ကွာခြားသွားပါသလဲ ဒါတောင် ဦးနှောက် နှင့်ပဲ
ရှိသေးသည်။ စိတ် ခံစားမှု ဆိုတဲ့ နှလုံးသား .. မသိစိတ် မပါသေးပါ။

ကျွန်တော့် အယူအဆ ကတော့. သားသမီး ကို မချစ်သောမိဘ ဟူ၍ မရှိသလို
တစ်ဦး တစ်ယောက် ကိုပိုချစ်သောမိဘ ဟူ၍လည်း ရှိမည် မထင်ပါ ။
မိဘ တွေ မှာက တော့ သူတို့ရဲ့ ရင်သွေး များအား တန်းတူ ချစ်မည်ဟု ထင်ပါတယ် ။

သို့သော် အခြေအနေ..ကွာခြားမှုကြောင့်.သူတို့၏ဂရုစိုက်မှု ကွာခြားသွားသည် ဟု ယူဆမိပါသည်။
ကျွန်တော် မေးခွန်း တစ်ခု မေးချင်ပါသည်။..

နေကောင်းသောသူနှင့် နေမကောင်းသူ .. မည်သူ့ကို… မေမေ ပိုဂရုစိုက်ပါသလဲ
နေမကောင်းသူ ကို ပိုချစ်ပါသလား .. ပိုဂရုစိုက် တော့ ပိုချစ်တာပေါ့ ဟု ဖြေရပါမည် ။
မေမေ ရဲ့ စိတ် အချိန်တော်တော်များများသည် နေမကောင်းသူ အတွက် ကုန်ဆုံးပါသည် ။
သို့ ဆိုလျှင် ပိုချစ်ခံလိုလျှင် နေမကောင်းဖြစ်ရမှာလား … ဟုမေးစရာရှိပါသည် ။

တစ်ဖက် က ပြန်စဉ်းစားကြည့်ရင် .. မေမေ ကို စိတ်ပူပန် စိတ်ညစ်စေသူမှာ
မည်သူနည်း ။.. နေမကောင်း သူ ပဲ မဟုတ်လား .. ဒါဆို မိဘ ကို ဒုက္ခပေးသူ
ဖြစ်နေပြန်ပြီ …. နောက် သားဆိုးတွေရော .. ပိုချစ်ခံရသလို .. မိဘ ကို အမြဲ
စိတ်ပူ ပန်စေသူ မဟုတ်လား … မိဘ ကို စိတ်ကြည်နူး ပျော်ရွင်စွာ သံသရာ ကို

မလျှောက်စေချင်ဘူးလား။

ိမိ ကိုယ်တိုင်ရော မိဘကို ဘယ်လောက်ချစ်လဲ တစ်ခါတစ်လေ ပြန်မေးဖူးပါသလား
ကျွန်တော် တို့သည် မိဘ များဆီက အယူသမား များဖြစ်ကြသည်။
မိဘများထံမှ
သူတို့၏ မေတ္တာ ..စိတ်ခံစားမှု .. ငွေကြေး … အချိန် … ….. များစွာ ကိုရယူခဲ့ကြသည် ။

ဒါဆို ကျွန်တော် တို့ မိဘတွေကို ပြန်လည်ပေးဆပ် ခဲ့တွေကရော…………

ကျွန်တော် စဉ်းစားမိသလောက်… မိဘကို စိတ် ပူပန်မှု များစွာကို ပေးခဲ့တယ် .…

ကျွန်တော့် ၀န်းကျင်မှာ မိဘ နေရာ ရောက်လာကြသော အစ်ကိုကြီး အစ်မကြီးတွေ
တွေ့နေရပါသည်။ နောက်ပိုင်း တွင်မိဘ ကို နားလည်လာသည်ဟု ပြောလာကြသော်လည်း
၎င်း တို့၏သားသမီးများနှင့် …၄င်းတို့၏ မိဘ တို့ကိုပေးဆပ်ခြင်းပမာဏာသည် ကွာဟမှု
ကြီးမားနေဆဲ ကျွန်တော့် တို့သားသမီး နှင့် ကျွန်တော့် မိဘ ဆိုတဲ့ မတူညီမှု
နှစ်ခုကြား မေတ္တာရာခိုင်နှုန်း
အချိုးမချသင့်ပေမယ့်…. ကျွန်တော်တို့မိဘ အတွက် ဆိုပြီး
ကျွန်တော် တို့ ဦးနှောက် မှာ နေရာဘယ်လောက် ပေးခဲ့ပါသလဲ ..

ကျွန်တော်တို့ မေ့လျော့မှုတွေ ………. ကျွန်တော်တို့ ပျက်ကွက်မှုတွေ…..ကြောင့်
မိဘ၏ ချစ်ခြင်းမေတ္တာ သည် ရပ်တန့်သွားပါသား….စီးဆင်းမြဲ….စီးဆင်းလျှက် …
ကျွန်တော် တို့ မေတ္တာသည် လည်း …................

( မိဘတွေ သည် သားသမီးများကိုခွဲခြားချစ်ကြပါသလား .. )

ဆက်ဖတ်ရန်...

မင်းခိုက်စိုးစံရဲ့ ကလေးအတွေးများ ( ၂ )

( ၁ )

``ဟေ့…ချာတိတ်၊ဒီလောက်မိုးရွာနေတာ…ဘာဖြစ်လို့ အိမ်ပြင်မှာ ထွက်ပြီး ရပ်နေရတာလဲ။
ကြည့်စမ်း….မင်းတစ်
ကိုယ်လုံး ရွှဲရွှဲစိုနေပြီ´´

``ကျွန်တော်..ပုန်းနေတာခင်ဗျ´´

``ဟေ့…..ဘာတွေပုန်းနေတာလဲ´´

``မေမေက ရေချိုးပေးမယ်ဆိုလို့ ကြောက်လို့ ပုန်းနေတာ´´

* * * * * * * * * *

( ၂ )

ဒီအတွေးဟာ ကလေး တစ်ယောက်ရဲ့ အတွေး ဖြစ်တဲ့အတွက် တကယ့်ဖြစ်ရပ်နဲ့ သူ့ရဲ့တွေးခေါ်ပုံ လွဲချော် နေတာကိုကြည့်ပြီး ကွန်တော်တို့ ရယ်မော ပစ်လိုက်လို့ ရပါတယ်။

ကလေးငယ်ဟာ ရေချိုးရမှာကို ကြောက်တယ်။ အဲဒီလို သူကြောက်တဲ့အရာကို ရှောင်တိမ်း လိုက်တော့ ရော လွတ်မြောက်သွား သလား ဆိုတော့ မလွတ်မြောက်ပါဘူး။ မိုးရေထဲမှာ ထွက်ပြီးရပ်နေတော့ တစ်ကိုယ်လုံး ရွှဲရွှဲစိုရပြန်တာပါပဲ။

ကျွန်တော်က အဲဒီစိတ်ကူးကလေးကို လူကြီးတစ်ယောက်ရဲ့အတွေး အဖြစ် ပြောင်းလဲပြီး မြင်ကြည့်တယ်။ လူကြီးတွေကရော ဘာထူးလို့လဲ။ ကျွန်တော်တို့ဟာ ဒုက္ခတစ်ခုခု၊ အကျပ်အတည်းတစ်ခုခုနဲ့ ရင်ဆိုင်ရမှာကို ကြောက်ကြတယ်။ ဖြစ်နိုင်ရင် ရင်မဆိုင်ဘူး။ ရှောင်တိမ်းပုန်းအောင်းချင်ကြသည်။ အဲသည်လို ရှောင်တိမ်းလို့ရော ဒုက္ခကနေ လွတ်မြောက်သွားသား ဆိုတော့ မလွတ်မြောက်နိုင်ကြပါဘူး။ ပိုပြီး ဆိုးရွားတဲ့ အကျပ်အတည်းအောက်မှာ ရွှဲရွှဲစိုလျက်သား ဖြစ်သွားကြတာပါပဲ။

မာဂရက်ဘာ့ခ်ဝှိုက် ( Margaret Bourke White ) ဆိုတဲ့ စာရေးဆရာမတစ်ယောက် ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။

``ကြောက်စိတ်နဲ့တွေ့ရင် ရဲရဲရင်ဆိုင်၊ လုပ်သင့်လုပ်ထိုက်တာ တစ်ခုခုကိုလုပ်။ အဲဒီလို လုပ်လိုက်တဲ့အလုပ်က မကြောက်အောင် ကယ်သွားလိမ့်မယ်´´ တဲ့။

အဲဒီစကားကို ကျွန်တော် သိပ်ကြိုက်ပါတယ်။ တကယ်ဆို ကျွန်တော်တို့ အလုပ်သင့်ဆုံးအလုပ်ဟာ အကျပ်အတည်းတွေ၊ ပြဿနာတွေ၊ဒုက္ခတွေ ကို ရဲရဲရင်ဆိုင်ဖို့ ပဲ မဟုတ်လား။ ထွက်ပြေးနေဖို့ မဟုတ်ပါဘူး။

ထွက်ပြေးလိုက်ခါမှ ပြဿနာတွေက ပိုဆိုးရွားသွားတတ်ပါတယ်။အမေရိကန် ပြဇာတ်လောက က နာမည်ကျော် ပြဇာတ် မင်းသမီးကြီး ဟယ်လင်ဟေး(စ်) Helen Heyes ရဲ့ အကြောင်းကို တော်တော်လေး ကြားဖူးကြပြီးသား ဖြစ်မှာပါ။

သူမဟာ အသက် ( ၂၀ ) အရွယ်မှာ နာမည်ကြီး ပြဇာတ်တစ်ပုဒ်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဦးဆုံး ကပြရတယ်။ ရုပ်ရည်ကလည်းလှ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါင်းဆောင်မင်းသမီးကလည်း ဖြစ်ရပြန်ဆိုတော့ ဟယ်လင်က သူ့ကိုယ်သူ အကျေနပ်ကြီး ကျေနပ်နေတာပေါ့။

သူ အစွမ်းကုန် ကြိုးစားပြီး သရုပ်ဆောင်တယ်။ သူ့စိတ်ကူးအိမ်မက်ထဲမှာတော့ သူ့ရဲ့ အနာဂတ်ခရီးဟာ အရမ်းကို လှပချောမွေ့နေပြီပေါ့။ နာမည်ကြီးမယ်၊ ငွေတွေ သောက်သောက်လဲ ရမယ်….စသဖြင့်ပေါ့ ။ သူ့မှာ ရှိရှိသမျှ အားအင်တွေ၊ အစွမ်းသတ္တိတွေကို ညှစ်ထုတ်ပြီး ကြိုးစားခဲ့တာပါ။

သူ့ပြဇာတ် ပထမညအပြီးမှာ အ၀တ်လဲခန်းထဲကနေ ပြီးတော့ သူ့သရုပ်ဆောင်ချက်ကို ချီးကျူးဂုဏ်ပြုဖို့ လာကြမယ့်သူတွေကို စောင့်မျှော်နေတယ် ။

ဒါပေမယ့် သူတကယ်ရင်ဆိုင်လိုက်ရတာကတော့ မျှော်လင့်ထားတာ နဲ့ ဆန့်ကျင်ဘက်။ အမျိုးမျိုး ရှုတ်ချကြတယ် ။ ကဲ့ရဲ့ဝေဖန်ကြတယ် ။

``ကိုယ် သရုပ်ဆောင်ရမယ့် Character ကို မပိုင်နိုင်ဘူး´´

``သဘာဝ မကျဘူး ´´

``ကိုယ့် ကိုယ် ကိုယ် အလှပြ တာ များလွန်းနေတယ်´´….

စသဖြင့်ပေါ့ ။

အဲဒီမှာ အဆိုးဆုံးဝေဖန်ချက် တစ်ခုကတော့…….

``ဒီလို အရည်အချင်းမျိုး နဲ့ နာမည်ကျော် ပြဇာတ်မင်းသမီး ကောင်း တစ်ယောက် ဖြစ်မလာနိုင်ဘူး´´

ဟယ်လင်ဟာ အရမ်းကို တုန်လှုပ်သွားတယ် ။ ရှက်လည်းရှက်သွားတယ်။ သူ့ကိုယ်သူ သေးသေးကလေးဖြစ်သွားသလို ခံစားလိုက်ရတာ ။ ဇာတ်စင်ကို ကျောခိုင်းပြီး ပြဇာတ်လောကကို စွန့်ခွာ ထွက်ပြေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ် ။ သူအ ရှုံးပေးပြီလေ ။ ထွက်ပြေးတော့မယ် ။

ဒါပေမဲ့ အဲဒီမှာ ဟယ်လင်ရဲ့အမေ က အဖိုးတန်တဲ့စကား တစ်ခွန်း လက်ဆောင်ပေးခဲ့ပါတယ်။

``သမီး…လက်တွေ့ အခြေအနေကို ရှောင်နေလို့မရဘူး ´´

ဟယ်လင်ဟာ သတ္တိမွေးပြီး ရဲရဲ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ် ။ အဲဒီမှာ သူ့ကို ဝေဖန်တဲ့ ဝေဖန်ချက်တွေဟာ အမှန်တွေ ချည်းပဲလို့ လက်ခံလာနိုင်တယ် ။ သူဟာ သရုပ်ဆောင်ပညာကို အစကနေ ပြန်လေ့လာသင်ယူပြီး ကြိုးစားတော့တာပဲ ။ ဒုက္ခတွေကို ခါးစည်းခံပြီး လို့ (၄) နှစ်အကြာ မှာ သူဟာ ကမ္ဘာကျော် ပြဇာတ် မင်းသမီး တကယ်ဖြစ်လာတော့ တာပါပဲ ။

ကျွန်တော်တို့ရော ဒုက္ခကို ဘယ်လိုရင်ဆိုင်နေကြပါသလဲ ။ ရှောင်ပြေးနေသလား ။ ရဲရဲရင်ဆိုင်နေကြသလား ။ ရှောင်ပြေးနေကြသေးတယ် ဆိုရင်တော့ `ကလေးအတွေး´ပဲရှိသေးတယ်လို့ ပြောရမလို ဖြစ်နေပါတယ် ။


ဆက်ဖတ်ရန်...

ဆည်းဆာတို့ရဲ့ ရင်တွင်းတမ်းတမှု့


ကျွန်တော်တို့အားလုံးသည်နေ့တစ်ရက် ကို အာရုဏ်ကျင်းပြီး မိုးလင်းခဲ့သည်နှင့် ....
တောက်ပလာသော နေရောင်ခြည် ကို လက်ခုပ်တီးကြိုဆိုကြသည်.။ ဒါပေမယ့် တစ်နေ့တာရဲ့လွမ်းခန်းကတော့ နေ၀င်ဆည်းဆာပဲဖြစ်ပါသည်။

လူတိုင်းလူတိုင်းသည် နေထွက်ချိန်ကို မစောင့်ကြည့်ကြပေမယ့့််
တစ်နေ့တာ အဆုံးသတ် နေ၀င်ချိန် ဆည်းဆာကို တော့ မက်မောစွာ စောင့်ကြည့်ကြလေ့ရှိပါသည်။

ကျွန်တော်တို့ ၀န်းကျင်တွင် အောင်မြင်မှု တိုးတက်မှုတွေ နေ့စဉ် နဲ့အမျှ
ဖြစ်ထွန်းပေါ်ပေါက်လျက် ရှိပါသည်။ ထို အောင်မြင်မှု တွေ အတွက်
ဂုဏ်ယူပါတယ် ဆိုတဲ့ စကားလုံးတွေကို အမြဲထိတွေ့ခံစားဖူးကြပါလိမ့်မည်။


ကျွန်တော် တို့ သိနားလည်လာချိန်မှာ တစ်ယောက်ယောက်က တော်လိုက်တာ ဟု
ပြောခံရလျှင် ဂုဏ်ယူကြသည်။ ကျေနပ် ပီတိဖြစ်သည်။ ကျောင်းအားကစားပြိုင်ပွဲ
ဆုယူလာလျှင် ဒါ ကျွန်တော်တို့ ကျောင်းပေါ့ ဟု ဂုဏ်ယူ ဖူးကြပေလိမ့်မည်။ ဖေဖေ
မေမေ တို့ ၏ အောင်မြင်မှု ကိုလည်း ဂုဏ်ယူဖူးလိမ့်မည်။


တက္ကသိုလ် အဆင့်တွေ
ရောက်လို့ ဖြစ်ဖြစ် လုပ်ငန်းခွင်ထဲမှာပဲ ဖြစ်ဖြစ် အောင် မြင်မှု
ရှိလျှင် congratulation လို့ လက်ဆွဲနှုတ်ဆက်ခံဖူးသလို .. အခြားသူတွေကိုလည်း နှုတ်ဆက်ဖူးလိမ့်မည်။

သို့သော် … ကျွန်တော့်တို့ ဂုဏ်ပြုခံရမှုများ .. တစ်ခြားသူများအတွက် ဂုဏ်ပြု

နှုတ်ဆက်ခြင်းများမှာ .. ဂုဏ်ယူပီတိ ဆိုတဲ့ ခံစားမှု ဘယ်လောက်များပါဝင်ခဲ့ကြပါသလဲ ..


မိမိ ပျိုးထောင်ထားသော ပန်းလေးတစ်ပွင့် ဖူးပွင့်ဝင့်ကြွားလာသည်ကို
အချိန်ယူ ခံစားဖူးပါသလား ..

ကျွန်တော် တို့ ငယ်စဉ်.. သိနားမလည်ခင် မှာရရှိခဲ့သော အသေးမွှားဆုံးသော အောင်မြင်မှုများကြောင့်
မိဘများ၏ ရင်ထဲမှ ဂုဏ်ယူပီတိ ကို ကျွန်တော်တို့ နေရာယူခံစားဖူးပါသလား ..

လက်ရှိရပ်တည်လျှက်ရှိသော နေရာ ကို
ဘယ်လိုတက်လှမ်းလာခဲ့ကြပါသလဲ .. ပုံသဏ္ဍာန် အမျိုးမျိုးနဲ့
လျှောက်ခဲ့ကြမှာပါ .. ကျွန်တော်တို့ အောင်မြင်မှု ကို မိမိ ကိုယ်တိုင်ဘယ်လောက်ထိ
ဂုဏ်ယူပီတိ ခံစားဖူးပါသလဲ .. ဘယ်သူတွေ ကရော ဂုဏ်ယူနေကြပါသလဲ...


အဲဒီ ဦးဆောင်သူ လား ……… ကျွန်တော်ပေါ့ …

အဲဒီ စာရေးဆရာလား ……….. ကျွန်မ သားလေးပေါ့ ……. သူလား ……….. ကျွန်တော့် သူငယ်ချင်းလေးပါ …
အဲဒါ လား ………… ကျွန်တော့် မေမေ လေ….
စသည်ဖြင့်ပေါ့ ………


ဒါပေမယ့်
အဲဒီ ဂုဏ်ယူ ပီတီတွေ ကြားမှာ .. သားသမီးတွေ ရဲ့ နေရာပေးမှုကို ခံယူရတဲ့ မိဘ ရင်တွင်းမှ
ဂုဏ်ယူ ပီတိ ကိုတော့ ဘယ်အရာမှ လိုက်မီမယ်
မထင်ပါ။

ကျွန်တော်တို့၏အနာဂတ်သည် တက်သစ်စနေရောင်ခြည်နှင့်တူပြီး မိဘတို့၏အနာဂတ်သည် နေ၀င်ဆည်းဆာ

အလင်းရောင် နှင့်တူလေသည်။

ကျွန်တော်တို့ရဲ့ တန်ဖိုးရှိသောအချိန်များထဲမှ နာရီအနည်းငယ်ကို မိဘများအတွက်
ခွဲဝေပေးဖူးရဲ့လား …
ခွဲဝေပေးရန် သတိရော ရကြပါရဲ့လား...။ လက်ရှိဘ၀တွင် လှုပ်ရှားရင်း ရုန်းကန်ရင်း ပျော်ရွှင်ရင်း ညစ်ညူးရင်း အချိန်များစွာကို ကုန်လွန်နေကြသော်လည်း ကျွန်တော်တို့ရဲ့ တစ်နေ့တာ၏အချိန်ထဲမှ နာရီအနည်းငယ်ခန့်ကို ကျွန်တော်တို့မိဘ အတွက် ခွဲဝေပေးဖြစ်ရဲ့လား... ကျွန်တော်တို့သည် နေ၀င်ဆည်းဆာတို့အတွက် နံနက်ခင်းနေရောင်ခြည် တစိတ်တဒေသကို
ခွဲဝေပေးရဲ့လား ဟူသော အတွေးများ ဖြင့်…............

ကျွန်တော်တို့မိဘများ၏ နောက်ဆုံးအချိန် သူတို့၏နေ၀င်ဆည်းဆာကို ကူညီဖေးမရင်း ဖြည့်ဆည်းပေးရင်း
နားလည်ပေးရင်းဖြင့် အချိန်များကို ကုန်လွန်ကြပါစို့နော်.............။



ဆက်ဖတ်ရန်...

လင်းမာန်သီ ရဲ့ အဖြစ်အပျက်

အဖြစ်က
တ၀ီဝီလည်နေတဲ့ အသွားထက်ထက်
ဓါးစက်လိုပါပဲ ….

ကိုယ်အတွက်ဆို
အချစ်ကသွေးချောင်း မစီးတာက လွဲရင်

တစ်ကယ့် စစ်ပွဲကြီးပါ.....


အလွမ်းတွေနဲ့ကိုယ် မြစ်ရိုးတစ်လျောက်
သုခ နဲ့ ဒုက္ခ တလှည့်စီ ဥချခဲ့တဲ့
အငွေ့ နဲ့ ထွင်းထုထားတဲ့ နတ်ပျိုမရေ …

မချစ်ချင်ခဲ့ပါဘူး
နှလုံးသားမရှိရင်ပေါ့ …

တစ်နေ့
ကြုံတုန်း အဖေ့ကို မေးမိတော့
အဖြစ်အပျက် ဆိုတာ
ဖြစ်ပြီးလို့ ပျက်သွားတာလောက်ပါပဲတဲ့ … ။ ။

လင်းမာန်သီ


ယခု တင်ပြတဲ့ ကဗျာလေးကတော့ မြစ်ကြီးနားမှ ကျွန်တော့် သူငယ်ချင်းလေး ရဲ့ ကဗျာလေးဖြစ်ပါတယ် ။

သူကတော့ အခုအခါမှာ အောင်ဖြိုးပိုင် ဆိုတဲ့ နံမည်ရင်းနဲ့ မြစ်တစ်စင်းရဲ့ ဂီတ( မြစ်ကြီးနား လူငယ်များ ) ဆိုတဲ့ သီချင်းခွေမှာ ပါဝင်သီဆိုထားပါတယ်။

ဆက်ဖတ်ရန်...

လှ၍ ခံစားမှုမဲ့သော စာလုံးများနှင့် ဖွဲစည်းထားသောစာ (သို့) Email

တိုးတက်လာတဲ့ ခေတ်တစ်ခုမှာ စာပို့စနစ်က အလွန် မြန်ဆန် ကောင်းမွန်လှပါတယ် ။
Send Button လေးနှိပ်ပြီး ၁ စက္ကန့် ၂ စက္ကန့် မှာပင် တစ်ဘက်လူက
ဖတ်ရှုပြီး ချက်ချင်း ပြန်စာ ပေးပို့နိုင်တယ်လေ.. နယ်မြေ ကွာဝေးမှု
အတားအဆီးမရှိ .... ဟို အရင် စာပို့စနစ် နှင့်ဆို နှစ်ရက် သုံးရက် တော့ အသာလေး
ဒီကြားထဲ စနေ၊တနင်္ဂနွေ နဲ့ ခံသွားလျှင်တော့ .. ထပ်စောင့်ရဖို့သေချာသွားပြီ ။

လက်ရေးစာသားများက လူတစ်ယောက်ရဲ့ ခံစားမှု ပါတယ်လေ။ စိတ်နေသဘောထားပါတယ်။
အနုပညာ….. မျှော်လင့်ချက်… ၀မ်းနည်းမှု … ပျော်ရွင်မှု … ကြည်နူးမှု … ငိုကြွေးမှု…တမ်းတမှု စတဲ့
ကိုယ်ပေးလိုသော လက်မှုအနုပညာ ခံစားမှု ရသကိုပေးစွမ်းနိုင်တယ်လေ
မေမေထံမှ စာလာလျှင်………..ဒါ ကျွန်တော် မေမေ လက်ရေးဟု… ဂုဏ်ယူမိသလို…. ချစ်သူဆီကစာရောက်လျှင်……..ဒါ သူ့ ဆီက စာ ဆိုတဲ့.. ခံစားချက်နဲ့ .. … ရင်ခုန်တယ်လေ (ကြွားတာ)
ဥပမာ ..

မေမေ

နေကောင်းလား.................

သား...သိပ်လွမ်းတယ်..........

မေမေရဲ့သား


ဒီလို Email ကပို့ လိုက်တဲ့စာနဲ့






ယခုလိုလက်ရေးစာနှစ်ခုကို ကျွန်တော် ယှဉ်ဖတ်ကြည့်တဲ့အခါ

ခံစားမှု ကတော့ လုံးဝကွာတယ် …
သင်တို့ရော ခံစားမှု ဘယ်လိုရှိလဲ …
အိပ်ရာပေါ်မှာ .. လွမ်းတိုင်း ပြန်ဖတ်ခွင့်ရှိတယ်လေ .. ရင်ဘတ်ပေါ်တင်ပြီး
ကြည်နူးခွင့်ရှိတယ် .. သင်တို့ရော ……. အိမ်နဲ့ဝေးနေချိန်မှာ မေမေဆီက
စာကို ရင်ဘတ်ပေါ်တင်ပြီး အိပ်ပျော်ဖူးပါသလား …
နေမကောင်းနေချိန်မှာ .. သူငယ်ချင်းများရဲ့ အားပေးစာ .. ပို့စကဒ်များ
လက်ခံဖူးပါသလား ..
ပို့ရော ပို့ဖူးပါသလား …
Screen ရှေ့မှာ ငုတ်တုတ် ထိုင်ဖတ်ရသော အရသာနဲ့တော့ အလွန်ကို
ကွာခြားပါသည်။ ( ကျွန်တော့်ခံစားမှု)

နောက်တစ်ခု က ပို့စကဒ်လေးတွေ ..
E-card တဲ့ Animation တဲ့ .. တိုးတက်ဖွံဖြိုးလာလိုက်တာ ..
ကျွန်တော့် ခံစားမှု ကတော့ e-card မဟုတ်သော ပို့စကဒ်လေးတွေ
စာတိုက်ကရောက်လာရင် .. လက်ရေးနဲ့ Hand made ဒီဇိုင်းနဲ့ စိတ်ကူးလေးနှင့်
ခံစားရတာတောင် ကြည့်နူးမဆုံးပါ ….
သင်တို့ရော ………
Email , E-card ယဉ်ကျေးမှုမှာ အလိုက်သင့်မျှောပါရင်း ….
အနာဂတ်မှာ လက်ရေးစာပို့စနစ် ပျောက်ဆုံးတော့မှာလား ………..

ဆက်ဖတ်ရန်...

အလင်းပြာ ချစ်ခြင်း

နိုးတစ်ဝက် အိမ်မက်ခြုံထားတဲ့ည
ရင် အစုံကိုဆွဲဖွင့်
နှလုံးသားကို ပန်းသီချင်းနဲ့ လှုပ်နိုးတဲ့
ချစ်ခြင်း … နတ်သမီးရေ

နိုးတ၀က် ညလယ်ကြားမှ လူနဲ့အိမ်မက်
ယောင်ချာချာယောက်ယက် ပဲတင်သံမဲ့တွေ့ချိန်
နွမ်းဖျော့ဖျော့ ကြယ်တစ်ချို့
ကောင်းကင်တော်ဆီမှ
အလင်းပြာနဲ့ ရင်ခွင်ကို လာနမ်းရဲ့

အခင်းအကျင်းမဲ့ စိတ်ကူရိုင်းများ
နှလုံးသားဗလာခန်းထဲ ရီဝေနေကြ
ဘယ်လို ရာသီအတွက်လဲ
နှုတ်ခမ်းဖြင့် ဆွဲခြစ်သွားတဲ့ ဒဏ်ရာတွေမှ
သွေးအစက်စက်နဲ့ နံရံပြာဆီ
ခုံမင်စရာကောင်းတဲ့ အလင်းဖြူ
မသိစိတ်ရဲ့ စုတ်ချက် ယှက်စပ် အလင်းပြန်ထောင့်က
" မင်း ကို ချစ်တယ် " ….
ချစ်ခြင်း နတ်သမီးရေ ….

ချစ်ခြင်း ရွယ်လွန်မိုးတိမ်တစ်အုပ်
အိမ်မက်ပျိုးသူဆီ
နှလုံးသွေးနဲ့ ခုတ်မောင်း
အချစ်က ပညတ်တော်များဖြင့်
ပျံသန်းလာနေရဲ့ …။

ယခုကဗျာလေးကတော့ ကျွန်တော် လွန်ခဲတဲ့ နှစ်တွေက ရေးသား ခဲ့တာ ဖြစ်ပါတယ်။
အခါအခွင့်မသင့်လို့ ခုမှပဲ ကျွန်တော့် ဘလော့လေးမှာ တင်ဖြစ်ပါတော့တယ်။

ဆက်ဖတ်ရန်...

ဂျူး ၏ နှစ်ကိုယ်ခွဲ

ကျွန်တော် အိပ်ရာမှနိုးလာသောအခါ ကျွန်တော်ရှေ့တွင် ကြီးမားသော အမှောင်ထုကြီး ရှိနေ၏။ ကျွန်တော် ဘာကြောင့် အိပ်ရာမှ နိုးလာသနည်း။တအိပ်မက်မှ မမက်မိတာ ကာလတော်တော်ကြာခဲ့ပါပြီ။ အမှောင်ထဲတွင်မျက်တောင် တစ်ချက်နှစ်ချက် ခတ်ပြီး တစ်ခဏ ငြိမ်သက်နေလိုက်စဉ် ကျွန်တော် ဘာကြောင့် နိုးလာသည်ကိုသိလိုက်၏။ထိုအခါ ကျွန်တော်သည် အိပ်ခန်းထဲမှ ထွက်ပြီးအပြင်ဘက် ၀ရန်တာ တံခါးကို တွန်းဖွင့်လိုက်သည်။ကျွန်တော်၏ ကြယ်ကလေးကို နှုတ်ဆက်ရန် ဖြစ်ပါသည်။

မည်းနက်သော ကောင်းကင်တွင် လမင်း လုံးဝမရှိပါ။ အမျိုးအစား ကွဲပြားသော ကြယ်ပေါင်းများစွာသည်
ပြိုးပြက်ဝင်းလက်စွာ ဖွာလန်ကျဲနေသည်။မိုးကုတ်စက်ဝိုင်းအထိ ပြန့်ကျဲနေသော မဆုံးနိုင်သည့် ကြယ်ပေါင်းများစွာထဲမှာ ကျွန်တော့်ကြယ်ကို ကျွန်တော်ဘယ်လိုရှာနိုင်သလဲဟူသည့် မေးခွန်းမှာ တော်တော် ဖြေရခက်သော မေးခွန်းဖြစ်၏။ သို့သော် ကျွန်တော့်ကြယ်ကို ကျွန်တော်သိပါသည်။ မှန်တစ်ချပ်ရှေ့မှာ လူတွေအများကြီး မတ်တပ် ရပ်နေကြသည့်အခါ လူတစ်ယောက်သည် မှန်ထဲမှ မိမိကိုယ်ကို အခြားသူများထဲမှ လွယ်ကူစွာ သီးသန့် ခွဲခြား၍ မြင်ရသကဲ့သို့ ကျွန်တော်ကြယ်ကလေးကို ကျွန်တော်မြင်ရပါသည်။

ဟိုးမှာ အခြားကြယ်များနှင့်မတူ ဖျော့မှိန်စွာ မှိတ်လိုက်လင်းလိုက် ပြုံးနေသော ကြယ်ကလေးကို ကျွန်တော်မြင်ရပါသည်။အဲသည် ကြယ်ကလေးနှင့် တည့်တည့်ဆီမှာ ကျွန်တော်၏အိမ်ဖြစ်သည်။ကျွန်တော်အိမ် မှာ ဝေးကွာလှသည်။ ကျွန်တော်သည် အိမ်ကို လွမ်းဆွတ်သောစိတ်ဖြင့် မကြာခဏ ငိုကြွေးခဲ့ရပြီးပါပြီ။ ကျွန်တော်သည် နယ်နှင်ဒဏ်ခံနေရသော သားတစ်ယောက်ဖြစ်ခဲ့လေသလား။ သေချာသည်ကတော့ ကျွန်တော်သည် သားတစ်ယောက်ဖြစ်သည်။ကျွန်တော်သည် တစုံတစ်ယောက် ကောက်ယူလွှင့်ပစ်လိုက်သော ကျောက်စရစ် ခဲကလေးတစ်လုံးလိုပင် လွင့်စင်ခဲ့ရသည်။

ဘယ်အချိန်ကစပြီး ကြယ်ကလေးကို ကျွန်တော်ပိုင်ဆိုင်သွားသလဲဆိုတာ အတိအကျ ကျွန်တော် မမှတ်မိပါ။သို့မဟုတ် ကြယ်ကလေးက ကျွန်တော့်ကို ပိုင်ဆိုင်သွားတာလည်း ဖြစ်နိုင်ပါသည်။အကြောင်းမှာ ကြယ်ကလေးသည် ကျွန်တော်အား အိပ်ရာမှ နိုးတတ်သည်။ကြယ်ကလေးသည်ကျွန်တော်အား ငိုကြွေးစေသည်။

ကြယ်ကလေးသည် ကျွန်တော်အား ရယ်မောစေသည်။ကြယ်ကလေးသည် ကျွန်တော် ဂီတာနုတ်တ်စ်များ ရှာဖွေရာတွင် လမ်းညွှန်ကြားနိုင်ခဲ့သည်။ကြယ်ကလေး၏အပြူံး ဖြင့်သာ ကျွန်တော်သည် နှစ်သိမ့် ကြည်နူးဖွယ် သီချင်းများကို ရေးစပ်နိုင်သလို ကြယ်ကလေး၏၀မ်းနည်းနာကျင်မှု့အရ ကျွန်တော်သည် ကြေကွဲဖွယ်သံဇဉ်များကိုရှာဖွေနိုင်ခဲ့သည်။

ကျွန်တော်ကို အိပ်ယာမှနှိုးတိုင်း ကြယ်ကလေးတွေ ကျွန်တော်အား ပြောပြရန် ပုံပြင်တစ်ခုခု ရှိနေသည်ချည်းဖြစ်၏။ ကြယ်ကလေးကပြောပြသောကြောင့်သာ ကြယ်ကလေးကိုပိုင်ဆိုင်သူမှာ ကျွန်တော်တစ်ယောက်တည်း မဟုတ်မှန်း ကျွန်တော်သိခဲ့ရသည်။ သို့သော် ထို အခြားတစ်ယောက်သည်လည်း နောက်ထပ်`ကျွန်တော်´တစ်ယောက်သာဖြစ်သောကြောင့် ကျွန်တော်ကျေနပ်ပါသည်။ ယခုကျွန်တော်နှင့် ဟိုက ကျွန်တော်သည် သွင်ပြင်လက္ခဏာများ ဆင်တူလွန်းသဖြင့် တစ်ခါတစ်ခါ ကျွန်တော်ကိုယ်တိုင်ပင်လျှင် မည့်သည်ကျွန်တော်လဲဟု ဇဝေဇ၀ါ ဖြစ်ခဲ့ရသည်။ ကျွန်တော်သည် ပထမကျွန်တော်လား ဒုတိယကျွန်တော်လား ကျွန်တော်မဝေခွဲနိုင်ပါ ။ ကြယ်ကလေး၏အရောင်လက်သောမျက်နှာပြင်ထဲတွင် ကျွန်တော်မြင်နေရသူသည်ပင် ပထမကျွန်တော်လား သို့မဟုတ် တစ်ခါတစ်ခါ လောကသည် သည်လိုပဲ ရယ်စရာကောင်းတတ်ပါသည်။ ရယ်ချင်သောစိတ် ရှိနေစဉ်မှာပေါ့လေ။

ကောင်းကင်ရှိကြယ်ပေါင်းများစွာထဲကမှ ကျွန်တော်သည် ဘာကြောင့် ဤကြယ်သေးသေးကလေးကို ကျွန်တော်ကြယ်အဖြစ် ရွေးချယ်ခဲ့ပါသလဲ ။ကြယ်ကလေးက ပြောပြတာကတော့ ကျွန်တော်ကိုသာ ရွေးချယ်ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်တဲ့။

* * * * * * * * * * * * * *

ပထမကျွန်တော်။

ကျွန်တော်သည် ငယ်စဉ်ကတည်းက ဘာကြောင့်လဲ ဟူသည့် မေးခွန်းတစ်ခုတည်းကိုသာ စိတ်ဝင်စားခဲ့၏။ ကျွန်တော်တို့ ဘာကြောင့်ကျောင်းကို သွားကြသနည်း?ဟု အမေ့အား ကျွန်တော်မေးခဲ့သောအခါ အမေက ၀ါးခြမ်းပြားဖြင့် ရိုက်ခဲ့၏။ ပညာတတ်စေချင်လို့ပေါ့ဟဲ့ ဟု အမေ အော်ငေါက်ပါသေးသည်။ ကျွန်တော်တို့ ဘာကြောင့် ပညာတတ်ဖြစ်ရမည်နည်း။ ပညာတတ်သူနှင့်ပညာမတတ်သူ မည်သူကပို၍ လောကနှင့် အဆင်ပြေနိုင်ပါသနည်း။ ပညာတတ်များဖြစ်ပ်ါလျှက် လောကနှင့်အဆင်မပြေဘဲ ဆင်းရဲဒုက္ခခံစား နေကြရသူများသည် ဘာကြောင့် ဤအဖြစ်နှင့် ရင်ဆိုင်နေရပါသနည်း။သူတို့ မှားယွင်းခဲ့လို့လား။ ပညာ ကိုယ်တိုင်က မှားယွင်း နေခဲ့လို့လား။ ဤ နောက်ဆက်တွဲ မေးခွန်းများကို ကျွန်တော်အား မည်သူမျှ မဖြေဆိုခဲ့ပါ။

ကျွန်တော်တို့ကျောင်းတွင် ဘာကြောင့် ယောင်္ကျားဆရာက နည်းပြီး မိန်းမဆရာက များနေရပါသနည်း။ယောင်္ကျားဆရာများ သည်ဘာကြောင့် ဒေါသကြီးတတ်ကြပါသနည်း။ မိန်းမဆရာများ သည်ဘာကြောင့် တက်တင်းထိုးကြပါသနည်း။ဘာကြောင့် သိုးမွှေးထိုးကြပါသနည်း။ဘာကြောင့် ကျောင်းမှာ ဈေးရောင်းကြပါသနည်း။ကျွန်တော်တို့မှာ ဘာကြောင့် ကျယ်ဝန်းသော ကစားကွင်းထဲ၌ အချိန်ကြာကြာ ကစားခွင့် မရှိပါသနည်း။

ကျွန်တော် သည် ပထ၀ီဝင်ဘာသာ ကို မသင်ကြားရသေးမီက ၄င်း ဘာသာ အပေါ်အလွန် စိတ်ဝင်စားပါသည်။
ကျွန်တော် သိချင်သော မြစ်များ၊ ချောင်းများ၊ ပင်လယ်များအကြောင်း၊ တောင်ကုန်းများ အကြောင်း၊ကျွန်တော်သိခွင့်ရတော့မည် ဖြစ်သည်။မြစ်တစ်ခုသည်ကျဉ်းပြီး၊ အခြားမြစ်တစ်ခုက ဘာကြောင့် ကျယ်ရပါသနည်း။မြစ်တစ်ခုကဖြောင့်၍ အခြားမြစ်တစ်ခုက ဘာကြောင့် ကောက်ကွေ့ရပါသနည်း။မြစ်များသည် မြောက် မှ တောင်သို့ စီးဆင်းကြသည် ဆိုလျှင်ပင်လယ်များသည် မည့်သည့် အရပ်သို့ စီးဆင်းကြ ပါသနည်း။ပင်လယ်ကို ကျွန်တော် မမြင်ဖူးပါ။ နိုင်ငံခြားပင်လယ်ကို နိုင်ငံခြားရုပ်ပုံ စာအုပ်ထဲမှတစ်ဆင့်လှပစွာ မြင်ဖူးပါ၏။

သို့သော် မြန်မာ့ပင်လယ်ကို ဓာတ်ပုံဖြင့် ကျွန်တော် မမြင်ဖူးပါ။ ဟောဟိုနေရာမှာ ပင်လယ်ရှိသည်ဟု ကျွန်တော်ဆွဲသော မြန်မာနိုင်ငံ မြေပုံအောက်ဘက်ပိုင်းမှာ စိတ်မှန်းဖြင့် မှန်းဆကြည့်ရပါသည်။ကျွန်တော်တို့ကျောင်းမှာ ပထ၀ီသင်သည့်အခါ ကမ္ဘာလုံးကြီးဖြင့် ပြပြီးသင်ဖို့ ဆရာတွေကဘာကြောင့် မကြိုးစားကြပါသနည်း။ကျွန်းသစ်တောကို ကျွန်တော်မြင်ဖူးချင်သည်။မေခနှင့်မေလိခမြစ်ဆုံကို ကျွန်တော် မြင်ဖူးချင်သည်။ပထ၀ီဝင်ဘာသာကို တကယ်သင်ကြားရသောအခါ ၄င်းဘာသာကို လုံးဝစိတ်ကုန်သွားခဲ့ပါသည်။

ကျွန်တော်တို့တွင် ပြဋ္ဌာန်းစာအုပ်များရှိသည်။ထိုပြဋ္ဌာန်းစာအုပ်များထဲမှာ ပါဝင်သောအကြောင်းအရာများ
ကို ကျွန်တော်တို့ ကလေးများစိတ်ဝင်းစားအောင်၊နားလည်အောင်၊ ကျက်မှတ်လိုစိတ်ရှိအောင် ဆရာများကဘာကြောင့် သင်ပြမပေးခဲ့ပါသနည်း။ထိုပြဋ္ဌာန်းစာအုပ်ထဲမှ စာများကို ကျွန်တော်တို့ မှတ်စုစာအုပ်များထဲသို့ `၏ သည်´ မလွဲအောင် ဘာကြောင့် ကူးရေးနေကြရပါသနည်း။ ကျွန်တော်တို့ ကလေးတွေမှာ ကျွန်တော်တို့ နားမလည်သောစာများကို ကူရေးနေရသည်ထက် ပို၍ စိတ်ဝင်စားစရာကောင်းသော အရာများ၊ပို၍ လက်တွေ့ကျသော အရာများ များစွာရှိသည်ဟု ဆရာတွေဘာကြောင့် မသိခဲ့ပါသနည်း။ သို့မဟုတ် ဘာကြောင့် မသိဟန်ဆောင်ခဲ့ကြပါသနည်း။ဆရာတို့မှာ စာသင်သည်ထက် ပို၍ လက်တွေ့ကျသော ပို၍ စိတ်ဝင်စားသော အခြားအရာများ ရှိနေခဲ့ပါသလား။ ကျောင်းသားများ နားလည်အောင် စာသင်ခြင်း၊ကျောင်းသားများစိတ် ၀င်စားအောင်ရှင်းပြခြင်း စသည်တို့သည် ဆရာ၏ဘ၀ မဟုတ်ဘူးလား၊ဆရာ၏ အခြားဘ၀ တစ်ခုခု ရှိသေးသလား။ကျွန်တော်၏ မေးခွန်းများကို မည်သူမျှမဖြေခဲကြပါ။

အောက်ဆီဂျင်၏ ဂုဏ်သတ္တိများ၊ဟိုက်ဒြိုဂျင်ဆာလဖိုဒ်၏ ဂုဏ်သတ္တိများ စသည်တို့ကို သင်ရသောအခါကျွန်တော်တို့သည် ဓာတုဗေဒကို စိတ်ဝင်စား၏။ သို့သော် ထို ဓာတ်ငွေ့များကို ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ထုပ်ဖော်ချင်လျှက် မအောင်မြင်သော်အခါ ဓာတုဗေဒအပေါ် စိတ်ဝင်စားမှု့ လျှော့နည်းခဲ့ရသည်။ စမ်းသပ် ဖန်ပြွန်များ ၊ ဗီကာများ၊အောက်လုံးဖန်ဘူးနှင့် အောက်ပြားဖန်ဗူးများ ၄င်းတို့သည် ကျွန်တော်တို့နှင့် ဘာကြောင့်သည်မျှ ဝေးကွာ နေခဲ့ရပါသနည်း။

ဆရာတစ်ယောက် ကျွန်တော်တို့မမြင်ဖူးသော အရာများအကြောင်း ရေးလာသည့် စာပိုဒ်များကို ကျွန်တော်တို့အား ဖတ်ပြနေသည်။ဘာကြောင့်ဖတ်ပြသနည်း။ကျွန်တော်တို့ စာမဖတ်တတ်ဘူးဟု ထင်နေသလား။ ကျွန်တော်တို့သည် ဆရာ့မျက်လုံးကို စောင့်ကြည့်ကာ ဆရာ့စာဖတ်သံကို နားထောင်ရတာ ငြီးငွေ့လာ၏။ကျွန်တော်တို့သည်ကျွန်တော်တို့၏ ဘောလုံးပွဲများအကြောင်း၊ကျွန်တော်တို့ခဏခဏသွားခဲ့ကြသော မြက်ခင်းပြင် နှင့် တောင်ကုန်းများ အကြောင်း၊ ကျွန်တော်တို့ ဖမ်းမိခဲ့ဖူးသောကြက်တူရွေး တစ်ကောင်အကြောင်း၊ကြက်တောင်ရိုက်ပြိုင်ပွဲအကြောင်း များကိုသာ ပြောချင်နေကြပါသည်။
ကြီးလာလျှင် ဘာလုပ်မည်နည်းဟု ကျွန်တော်တို့အား လူကြီးများက မေးလာသောအခါတိုင်း ကျွန်တော်တို့အားလုံး စိတ်ကသိကအောင့် ဖြစ်ခဲ့ကြရသည်။ကျွန်တော်တို့ ဘာဖြစ်ချင်ကြသနည်း။ကျွန်တော်တို့ မသိပါ။ ကျွန်တော်တို့သည် တစ်ခါတစ်ခါ စတားလုံးဖြစ်ချင်၏။ တခါတခါ အိုင်းစတိုင်းဖြစ်ချင်၏။ တစ်ခါတစ်ခါ ဗိုလ်အောင်ဒင်ဖြစ်ချင်၏။ တစ်ခါတစ်ခါ မီးပုံးပျံ ဦးကျော်ရင် ဖြစ်ချင်၏။ တစ်ခါတစ်ခါ ဗိုလ်အောင်ကျော်ဖြစ်ချင်၏။ တချို့ကလေးများသည် ငယ်စဉ်ကတည်းက ဆရာဝန် လုပ်ချင်သည်။စစ်ဗိုလ် လုပ်ချင်သည်။စာရေးဆရာလုပ်ချင်သည် စသည်ဖြင့် ရည်ရွယ်ချက် ရှိကြပြီး ရည်ရွယ်ချက်အတိုင်း ဖြစ်အောင် လုပ်နိုင်ခဲ့ကြသည်ဟု လူကြီး သူမများက ပြောပြကြပါသည်။ အံ့ဖွယ်သူရဲ ထူးကဲလှပါတကား။သူတို့သည် ဘာကြောင့် သူတို့ကိုသူတို့ သိကြပါသနည်း။ ဘာကြောင့် ရည်ရွယ်ချက်ရှိကြပါသနည်း။ ကျွန်တော်မှာ ဘာရည်ရွယ်ချက်မှမရှိ။ ရည်ရွယ်ချက်သည် ဘယ်ကလာပါသနည်း။ ရည်ရွယ်ချက်ကို ရအောင်ဘယ်သူဆီက တောင်းခံ ရမည်နည်း။ ရည်ရွယ်ချက်ဆိုသည်ကို ရယူပိုင်ဆိုင်ဖို့ ကျွန်တော်မှာ ဘာအရည်အချင်းတွေ လိုအပ်ပါသနည်း။ ကျွန်တော်မသိပါ။ထိုအခါ ကျွန်တော်သည် ကျောင်းပြေးပါသည်။ ကျွန်တော်အား ကျောင်းမှ မိမိဘာဝါသနာပါသည်ဟု သိရန် သင်ကြားမပေးနိုင်သောအခါ ကျွန်တော်သည် ကျောင်းပြင်ပမှာသာ ၀ါသနာ ပါ့သည့်အရာကို လိုက်လံ ရှာဖွေ ခဲ့ပါသည်။ကျွန်တော်ပြေးသည်။ပြေးပြီးရင်း ပြေးသည်။ကျွန်တော်ကို ကြယ်ကလေးတစ်လုံးက ဖမ်းမိသွားသောအခါမှ ကျွန်တော်အပြေးရပ်သွားခဲ့ပါသည်။

* * * * * * * * * * * * * * * * * * * * * *

ဒုတိယ ကျွန်တော်။

အဖေက ကျွန်တော့်ကို အောင်မြင်သော ပွဲရုံပိုင်ရှင် တစ်ယောက် ဖြစ်စေချင်သည်။ အမေက ကျွန်တော်ကို အရာရှိ အကြီးကြီး ဖြစ်စေချင်သည်။ ကျွန်တော်သည် ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်သည်ဟု မသိခဲ့ဘဲ သီချင်းရေးစပ်သူ ဂစ်တာသမားတစ်ယောက် ဖြစ်ခဲ့ရပ်ါသည်။ကျွန်တော်သည် ဘာကြောင့်ဟူသော အကြောင်းပြချက်ကို လုံးဝ စိတ်မ၀င်စားပါ။လူ့ဘ၀ကို အလိုက်သင့်မျှောပါရင်း ကမ်းတခုခုကိုကပ်မိသည့်အခါ် ထိုကမ်းသည်ဘယ်သို့ရောက်မလဲသာ စိတ်ဝင်စားပါသည်။

ကျွန်တော်ချစ်သော ကျွန်တော်ကိုချစ်သော ကြယ်ကလေး တစ်ပွင့်က ပြောပြသည့် `မျှော်လင့်ချက်´ဆိုသည့် အကြောင်းအရာကလေးကို ပထမဦးဆုံး အကြိမ် သီချင်းတစ်ပုဒ်အဖြစ် ရေးစပ် သီဖွဲ့စဉ်က ကျွန်တော်မှာ ဂစ်တာကလေးတစ်လက်ပင် မပိုင်ဆိုင်ခဲ့သေးပါ။ ထိုသီချင်းတစ်ပုဒ်အား ကျွန်တော် ရောင်းချပစ်လိုက်သောအခါ် ရရှိသည့်ငွေ သည် ရောဘာဖိနပ်တစ်ရံထက် ပို၍ လိုအပ်သောအရာ များစွာရှိသေးသည်။ထိုအထဲမှ အလိုအပ်ဆုံးအရာမှာ ဂစ်တာတစ်လက်ဖြစ်သည်။ ဂစ်တာတလက်ပိုင်ဆိုင်ဖို့ ကျွန်တော်ဘာတွေ လုပ်ခဲ့ရပါသလဲဟု ကြယ်ကလေးက မေးမြန်းသောအခါ ကျွန်တော်သည် သိမ်ငယ်စိတ်များဖြင့် မျက်ရည်ကျခဲ့ရသည်။သို့သော် ကျွန်တော် မဖြေပါ။ သို့သော် ကြယ်ကလေးက သိနေခဲ့မည်ဟု ကျွန်တော် ထင်သည်။ ကြယ်ကလေးသည် ညစဉ်ညတိုင်း ကျွန်တော်အား စောင့်ကြည့်နေခဲ့သည် မဟုတ်ပါလား။

ဈေးခပ်မြင့်မြင့် အေးချမ်းတိတ်ဆိတ်သော အအေးခန်း ကော်ဖီဆိုင်ကလေးတစ်ခုမှာ ကျွန်တော် ဂစ်တာတီး၍ ဖြေဖျော်ခဲ့ရသော ကာလများသည် လပေါင်းမည်မျှ ကြာခဲ့သနည်း။ ကျွန်တော်မမှတ်မိချင်ခဲ့ပါ။ ကျွန်တော် ဘာကြောင့် ဂစ်တာတီးနေရပြီး သူတို့တတွေက ဘာကြောင့် အစားအသောက်များကို ဇိမ်ကျကျစားသောက် နေခဲ့ရပါသနည်း။ထိုအကြောင်းကို ကျွန်တော် မသိချင်ခဲ့ပါ။ ကျွန်တော်ကို ကြည့်သောသူတို့၏ မျက်လုံးများသည် ခပ်မှိန်မှိန်အလင်းအောက်မှာ ဘာအဓိပ္ပါယ်ကို ဖော်ပြပါသနည်း။ကျွန်တော်စိတ်မ၀င်စားပါ။ ကျွန်တော် စိတ်ဝင်စားသည်က ကျွန်တော် ဖြေဖျော်ချိန်တာဝန် ကုန်ဆုံးသည့် အခါ ကျွန်တော်ရရှိမည့် ငွေကြေးသာ ဖြစ်သည်။ လောကမှာ ဂစ်တာတီးပြီး သီချင်းဆိုရတာလောက် ပျော်စရာကောင်းသောအရာ ဘာများရှိနိုင်ပါမလဲဟု တွေးခဲ့မိသော ကျွန်တော်သည် ထိုအတွေးအပေါ် သံသယဖြစ်သည့် ကာလများစွာ ကြုံရဖူး၏။ ဂစ်တာကြိုးများသည် ကျွန်တော်အား တစ်ခါတစ်ခါ ကြည်နူးနှစ်သိမ့်စေပြီး တစ်ခါတစ်ခါ ၀မ်းနည်း သိမ်ငယ်စေခဲ့သည်။ တစ်ခါတစ်ခါ ဂုဏ်ယူကျေနပ်စေပြီး တစ်ခါတစ်ခါ နာကျည်းမုန်းတီး စေခဲ့သည်။

ကျဉ်းမြောင်းလှောင်ပိတ်သော အခန်းသေးသေးကလေး တစ်ခုဆီသို့အပြန် ညကာလများတွင် ကျွန်တော်သည် ကောင်းကင်ကို မော့ကြည့်ကာ ကျွန်တော်ကြယ်ကလေးနှင့် စကားပြောခဲ့ရသည်။ ကျွန်တော်ငိုလျှင် ကြယ်ကလေးက ချော့မော့သည်။ ကျွန်တော် ဒေါသကြီးလျှင် ကြယ်ကလေးက ဖျောင်းဖျသည်။

ကျွန်တော် အိပ်ပျော်သွားလျှင် ခဏကြာတော့ ကြယ်ကလေး သည်ကျွန်တော်ကိုနှိုးသည်။ ထို့နောက် ကျွန်တော်အား ဂစ်တာတီးခိုင်းသည်။ သီချင်းဆိုခိုင်းသည်။ ထိုကာလများ မည်မျှကြာခဲ့သနည်းဟု ကျွန်တော် ဘယ်တော့မှ မတွေးပါ။ ကျွန်တော်ပျော်ခဲ့ပါသလား။ကျွန်တော်ပျော်ခဲ့သည်ဟု ပြောလျှင် ခင်ဗျားတို့ ယုံချင်မှ ယုံလိမ့်မည်။သို့သော် ကျွန်တော် တကယ်ပျော်ခဲ့ပါသည်။ ကျွန်တော်သည် ဂစ်တာကလေးကို ကျွန်တော်၏ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုပမာ သံစဉ်များသည် ၀မ်းနည်းကြေကွဲရသည်ပင်ဖြစ်စေ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်သော ရတနာများသာ ဖြစ်သည်။ ကျွန်တော်ဘ၀သည် သီချင်းများပင်ဖြစ်သည်။

ကျွန်တော်က သီချင်းတွေအပေါ် မြတ်နိုးတန်ဖိုးထားပါလျှင် သီချင်းတွေက ကျွန်တော်ကို ကျွန်တော်လိုသမျှ အရာများကို ပေးပါလိမ့်မည်ဟု ကြယ်ကလေးက ကျွန်တော့အား ပြောပြဖူး၏။ ကြယ်ကလေးသည် မှန်သောစကားကိုသာ ဆိုတတ်သူ ဖြစ်သည်။သီချင်းများသည် ကျွန်တော်အား ကျွန်တော်တောင်းသမျှ အရာများကို ပေးခဲ့ပါသည်။ အသေးအဖွဲ့ ပစ္စည်းများမှ အစပြု၍ တန်ဖိုးကြီးမားသော ပစ္စည်းများအထိ တစ်စတစ်စ တိုးကာပေးအပ်ခဲံ့သည်။ အချိန်ကာလများစွာ ကြာခဲ့သည်ပဲ ပြောစရာရှိပါသည်။
ထိုအရာများ ဘယ်တော့ ကျွန်တော့်ထံမှ ပျောက်ကွယ်သွားဦးမည်နည်းဟု ကြယ်ကလေးအား ကျွန်တော် မေးခဲ့သောအခါ ကြယ်ကလေးက ရယ်မောပါသည်။

`မင်းရဲ့ နောက်ထပ် ကိုယ်ပွားတစ်ယောက်ကို ငါ့ဆီမှာ မင်းမြင်တွေ့နေရသမျှ မင်းမှာ အဲဒါတွေ ရနေအုံးမှာပါ´ ဟုဖြေခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် ညစဉ် ကြယ်ကလေးထံမှာ `ကျွန်တော်´ ရှိမရှိ လိုက်ရှာကြည့်လေ့ရှိသည်။
ထို ကျွန်တော်ကို ကျွန်တော်မြင်ရပါသည်။တစ်ခါတစ်ခါ ကျွန်တော်တို့ နှစ်ယောက်စကားပြောကြပါသည်။

တစ်ခါတစ်ခါ ရန်ဖြစ်ကြပါသည်။ထို ကျွန်တော်က ကျွန်တော်အားလောကတွင် အရေးကြီးဆုံးမှာ `အကြောင်းရင်း´သို့မဟုတ် `ဘာကြောင့်´ ဆိုသည့်မေးခွန်းဖြစ်သည်ဟု ပြော၏။ ကျွန်တော် သဘောမတူပါ။လောကတွင် အရေးကြီးဆုံးမှာ `ဘယ်ကို´သွားမည်လဲ။` ဘယ်တော့´သွားမည်လဲ။ `ဘာတွေ´ရမည်လဲ။`ဘယ်လို´ အသက်ရှင်နေထိုင်ပြီး `ဘယ်လို´ ပျော်ရွင်ကြမလဲ၊ထိုအချက်များသာ ဖြစ်သည်ဟုထင်သည် ။ သို့သော် ကျွန်တော်တို့ နှစ်ယောက် စကားပြောတိုင်း ကျွန်တော် သည် လောက အပေါ် ပို၍ပို၍ သဘောပေါက် လာခဲ့ပါသည်။

ကြယ်ကလေး မှတဆင့် သိရသော ထိုကျွန်တော်ကတော့ ကျွန်တော်ကို မကျေနပ်ပါ။ တစ်ချိန်ချိန်တွင် ကျွန်တော်တို့ နှစ်ယောက်အကြီးအကျယ် ပဋိပက္ခဖြစ်လာနိုင်သည်ဟု ကျွန်တော်ထင်သည်။ သို့သော် ကြယ်ကလေးက ကျွန်တော်တို့ နှစ်ယောက်ကို ပေါင်းစည်းပေးနိုင်ပါလိမ့်မည်။

* * * * * * * * * * * * * * * * *

ကျွန်တော် နှစ်ယောက်။

ကျွန်တော်တစ်ယောက်သည် ပင်လယ် ကမ်းစပ်ကျောက် ဆောင်ပေါ်တွင် မတ်တပ်ရပ်လျှက် အောက်ဖက်ပင်လယ်ပြင်ကို ငုံကြည့်နေသည်။ ပင်လယ်ဒီလှိုင်းများသည် ကျောက်ဆောင်ကို ၀ုန်းခနဲ ၀ုန်းခနဲ လာရောက်ပုတ်ခတ်နေချိန်တွင် ဖွာခနဲ လွင့်စင် မြောက်တက်လာသော ရေပန်းရေမွှားများသည် ကျွန်တော်ခြေထောက်သို့ လာ၍ စင်တတ်၏။ ဟိုးအဝေးက ပင်လယ်ပြင်နှင့် ကောင်းကင်အစပ် အနားသတ်မျဉ်းကလေးသည် ကျွန်တော်မျက်စီအောက်မှာပင် တဖြည်းဖြည်း ၀ါး၍၀ါး၍ လာသည်။ ကောင်းကင်သည်ပင်လယ်ဖြစ်သွားပြီးပင်လယ်သည်ကောင်းကင်ဖြစ်သွားသည်။ ကောင်းကင်ဖြစ်သွားသောပင်လယ် ထဲတွင် ကျွန်တော်ကြယ်ကလေးကို ကျွန်တော် မြင်နေရသည်။ အချိန်မှာဆောင်းဥတုဖြစ်နိင်သည်။ နှင်းငွေ့များသည် တဖွဲ့ဖွဲ့ကျနေရာ ကျွန်တော်ဆံပင်များမှာ နှင်းစက်များဖြင့် စိုထိုင်းအေးစက် လာသည်။နှင်း ဖြစ်ပေါ်လာရခြင်းအကြောင်းကို ကျွန်တော်အား တစ်ယောက်ယောက်က သင်ကြားပေးခဲ့ဖူးပါသလား။ သင်ကြားပေးခဲ့သည်ဆိုလျှင် ထိုဘာသာရပ်သည် ပထ၀ီဘာသာရပ်လား ၊သိပ ဘာသာရပ်လား၊ဘာပဲဖြစ်ဖြစ် ကျွန်တော် နှင်းတွေကို ချစ်ပါသည်။ထိုအချစ်ကို ကျွန်တော့်အား ဘယ်သူကမှ သင်ကြားမပေးခဲ့ပါ်။

အခြား ကျွန်တော်တစ်ယောက်သည် တိမ်စိုင်တိမ်လိပ်များပေါ်မှာ အိပ်ပျော်လျှက်ရှိသည်။ကျွန်တော့်ကို တိမ်များသည် ဘယ်အထိ ခေါ်ဆောင်သွားကြမည်နည်း။အရေးမကြီးပါ။ကျွန်တော်သည် သူတို့ခေါ်ဆောင်ရာသို့ လိုက်ပါရန် အဆင်သင့်ပင်ဖြစ်ပါသည်။ကျွန်တော်ပါးပြင်နှင့်ဆံပင်များကို ရိုက်ခတ်လာသောလေသည် အေးမြလန်းဆန်းလျှက် ရှိသည်။ထိုလေတွင် ရေခိုးရေငွေ့ ပါဝင်သလား။ ကျွန်တော်မသိပါ။ ကျွန်တော်သိသည်က ကျွန်တော် ခန္ဓာကိုယ်တွင် လှည့်ပတ်စီးဆင်းနေသော သွေးများသည် ဂီတသံစဉ်များ ဖြစ်သည်။

ကျွန်တော့်ရင်ထဲမှ နှလုံးခုန်သံသည် ဂီတသံစဉ်များဖြစ်သည်။ ကျွန်တော်သည် အသက်ရှူသွင်းလိုက်တိုင်း ဂီတသံကိုသာ ရှူမိသည်။ ကျွန်တော် အသက်ရှူထုတ်လိုက်သောအခါ ထိုအရာသည် သီချင်းများဖြစ်နေသည်။ ကျွန်တော် အိပ်ပျော်နေတာ မဟုတ်နိုင်ဘူးပေါ့။ နိုးတစ်ဝက် အိပ်တစ်ဝက် ဖြစ်နေသလား။သို့သော် ဒါတွေက အရေးမကြီးပါ။ ကျွန်တော် ကြယ်ကလေးထံရောက်တော့မည်။ ကြယ်ကလေး၏အောက်တည့်တည့် မြေပြင်မှာ ကျွန်တော်အိမ် ရှိခဲ့ဖူးသည်။ ထိုနေရာမှာ ကျွန်တော်တို့ မိသားစု နွေးထွေး ပျော်ရွှင်ခဲ့ကြဖူးပါသည်။

ကျွန်တော်အား တစ်ယောက်ယောက်က ခေါ်သံကြားရသဖြင့် လှည့်ကြည့်လိုက်သောအခါ ပြုံးနေသော ကြယ်ကလေး ဖြစ်နေ၏။ ကြယ်ကလေး၏ မျက်နှာတွင် ကျွန်တော်တစ်ယောက်ကိုလည်း ကျွန်တော် တွေ့ရသေးသည်။

`နှင်းတွေကို လိုချင်သလား´ ဟု ကြယ်ကလေးက မေးသည်။

`လိုချင်ပါတယ်´ ဟု ကျွန်တော် ဖြေလိုက်သည်။

ထိုကျွန်တော်သည် ပထမ ကျွန်တော်လား၊ ဒုတိယ ကျွန်တော်လား၊ ကျွန်တော် မသိပါ။ ကျွန်တော် လက်ထဲမှာ နှင်းမှုန်နှင်းပွင့် ကလေးများ၏ အေးမြမြ အတွေ့ကို ခံစားရသည်။ဒါဖြင့် နှင်းကလေးတွေကို ပိုင်ဆိုင်သူဟာ ကျွန်တော်ပဲပေါ့။ တခြားဘယ် ကျွန်တော်မှ မဟုတ်ဘူးပေါ့။ ကျွန်တော် နှင်းများကို လောဘတကြီး နမ်းရှိုက် လိုက်၏။

ထိုအခါ ကြယ်ကလေး က ပြုံးနေပါသည်။

[၁၉၉၆ ခု၊ ဖေဖော်ဝါရီလ၊စာပေဂျာနယ်မဂ္ဂဇင်း]

ဆက်ဖတ်ရန်...

မင်းခိုက်စိုးစံရဲ့ ကလေးအတွေးများ ( ၁ )


ကျွန်တော်တို့ လူကြီးတွေဟာ ကလေးတွေထက် အသိဥာဏ်ပိုမြင့်မားတယ်………လို့ (ယေဘုယျအားဖြင့်……..ပေါ့) ယူဆထားကြပါတယ်။
ကလေးတွေရဲ့ အပြုအမူအပြောအဆိုတွေနဲ့ အတွေးတွေဟာ လူကြီးတစ်ယောက်ရဲ့အမြင်နဲ့ ကြည့်လိုက်တဲ့အခါ ရယ်စရာကောင်းနေတာမျိုး မကြာခဏ ကြုံရတတ်တယ် မဟုတ်လား။
ကလေးတွေ ရဲ့ ကမောက်ကမ ဖြစ်မှုတွေ၊အလွဲလွဲအချော်ချော် စိတ်ကူးတွေကိုကြည့်ပြီး ကျွန်တော်တို့ရယ်ရင်းမောရင်းနဲ့ `ကလေးဆိုတော့ ဒီလောက်ပဲ အသိဥာဏ်ရှိမှာပေါ့………´လို့ ခွင့်လွတ်လိုက်ကြတယ်။ ကျွန်တော်တို့အတွက်တော့ သူတို့လေးတွေရဲ့ အတွေးအခေါ်ဟာ ရယ်စရာပါပဲ။ကျွန်တော် တစ်ခုစဉ်းစားမိပါတယ်။ ဟောဒီ စကြ၀ဠာကြီးထဲမှာ ကျွန်တော်တို့ လူသားတွေထက်အသိဥာဏ်ပိုမြင့်မားတဲ့ သက်ရှိသတ္တ၀ါတစ်မျိုးမျိုး ရှိနေတယ်ဆိုပါစို့။

နောက်ပြီး( ကျွန်တော်တို့က သူတို့ကို မမြင်ရဘဲ) သူတို့က ကျွန်တော်တို့ ကမ္ဘာ့လူသားတွေရဲ့ အပြုအမူ အတွေးအခေါ်တွေကို စောင့်ကြည့်နေကြတယ်ဆိုပါစို့……..။

သူတို့က ကျွန်တော်တို့ရဲ့ အသိဥာဏ်ကို ` ကလေးအတွေး´ တွေဆိုပြီး ရယ်မောနေကြပေလိမ့်မယ်။

(၃)

ကလေးနှစ်ယောက် ဆရာဝန်ထံရောက်လာသည်။

ဆရာဝန်က`ဘာဖြစ်လို့လဲ သားတို့´ ဟုမေးသောအခါ ကလေးငယ်တစ်ယောက်က………

`ကျွန်တော် ဆယ်ပြားစေ့ကို မျိုချလိုက်တယ်ခင်ဗျ´

ထိုဆရာဝန် က ဘေးမှပါလာသော အခြားကလေးငယ်ကို ကြည့်လိုက်သည်။ ထိုကလေးက အော်ဟစ်ငိုရှိုက်နေသည်။

`နေစမ်းပါဦး………မင်းရော ဘာဖြစ်လို့ ငိုနေရတာလဲ´

ကျန်ကလေးငယ်က ရှိုက်သံကြားမှ ဖြေသည်။

`သူမျိုချလိုက်တဲ့ ပိုက်ဆံက ကျွန်တော်ပိုက်ဆံခင်ဗျ´

ကျွန်တော်တို့ လူကြီးတွေရော ဘာထူးလို့လဲ….ဟု ကျွန်တော်တွေးမိသည်။

သူတစ်ပါး၏ ဒုက္ခကို စာနာဖို့ထက်`ကိုယ့်ပိုင်ဆိုင်မှု့ဆုံးရှုံးနစ်နာခြင်း´ ကိုသာ ပို၍ အဓိက ကျသည်ဟုအောင်းမေ့တတ်ကြသည် မဟုတ်ဘူးလား။

`တိုက်တန်းနစ် သင်္ဘောကြီးနစ် မြုပ်ပြီး လူပေါင်းများစွာ သေဆုံးသွားရသည် ဟူသောသတင်း ကို ကြားရသည့်အခါ ကျွန်တော် ထွေထွေထူးထူး မခံစားရပါ။ ၀မ်းမနည်းမိပါ။အဘယ်ကြောင့် ဆိုသော် ထိုအချိန်တွင် ကျွန်တော် ခေါင်းကိုက်နေသောကြောင့် ဖြစ်ပါသည်`။

ဟူသော စာသားတစ်ပိုင်းတစ်စကို ကျွန်တော် ဖတ်ရဖူးပါသည်။ သည့်အတွက် ကျွန်တော် ထူးခြားပြီး မအံ့သြမိတော့ပါ။

`လူဆိုသည်မှာ `ကိုယ့်ဒုက္ခသာလျှင် အကြီးကျယ်ဆုံး´ဟု သဘောထားတတ်ကြသူများဖြစ်၏။

အရေးကြီးသော လူနာတစ်ယောက်ကို မြောက်ဥက္ကလာ ဆေးရုံကြီးသို့ပို့ရန် တက္ကစီဒရိုင်ဘာက ညဉ့်နက်နေုပြီ ဟုပြောကာ ၄၀၀၀ကျပ် တောင်းသည်။

`လျှော့ပါဦးလားဗျာ….လူနာက..´

ကျွန်တော်စကားကို ဆုံးအောင် ပြောခွင့်မရလိုက်ပါ။ ကားဆရာက ဒေါသတကြီး မောင်းထွက်သွား၏။

`သူ့ ဆယ်ပြားစေ့ ကို ကျွန်တော် မျိုချခဲ့မိပ်ါသလား´

သူ့အတွက်တော့ လူတစ်ယောက်၏ အသက်ထက် ငွေ ၄၀၀၀ကျပ် ကပို၍ အရေးကြီးနေပေလိမ့်မည်။

ကျွန်တော် သူ့ကို စိတ်မဆိုးမိပါ။

ရယ်သာ ရယ်မောနေချင်ပါတော့သည်။

ကျွန်တော် တို့သည်( အကယ်စစ်စစ် ) ကလေးများသာ ဖြစ်ကြပါသည်။

မှတ်ချက်။ ။ကျွန်တော်၏ ပတ်ဝန်းကျင်တွင် တွေ့နေရသော တစ်ချို့သော ကလေးဆန်သူများအတွက်

ဆက်ဖတ်ရန်...

ပြတင်းပေါက်

တခါကဆေးရုံကြီး တရုံရှိ လူနာအခန်းချင်းလေး တစ်ခုထဲမှာ လူနှစ်ယောက်ရှိကြသည်။ နှစ်ယောက်လုံးပင် ရောဂါသည်းသောလူနာများဖြစ်သည်။ အခန်းလေးကျဉ်းပြီး အပြင်လောကကိုကြည့်စရာ ပြတင်းပေါက် တစ်ခုသာပါသည်။

လူနာနှစ်ယောက်အနက် တယောက်ကနေ့လည်ပိုင်းတွင် သူ့အဆုပ်ထဲက အရည်တွေပိုက်နှင်စုပ်ထုပ်
ရတာကိုအကြောင်းပြု၍ တနာရီခန့်ထိုင်ခွင့် ရသည်။ သူ့ခုတင်က ပြတင်းပေါက် အနီးမှာရှိနေသည်။ တစ်ဖက်ခုတင်ရှိလူနာကတော့ တစ်ချိန်လုံး ပက်လက်လှန် ကာ စန့်စန့်ကြီး လှဲနေရသည်။

နေ့လယ်ခင်းတိုင်း ပြတင်းပေါက်အနီးရှိ လူနာက ခုတင်မှာ ခေါင်းအုံးတွေ ဘာတွေဆင့်ကာ ကျောမှီ၍
ထိုင်ခွင့်ရသည့်အချိန် အပြင်ဘက်ဆီ၌ သူလှမ်းမြင် နေရသည့်အရာ တွေကို အနီးရှိလူအား ပြောပြလေ့ရှိသည်။
ပြတင်းပေါက်ကလှမ်းကြည့်လျှင် အပြင်မှာ ပန်းခြံကြီးတစ်ခုလှမ်းမြင်ရသည်ဟု ဆိုသည်။ အဲသည် အထဲမှာ ရေကန်ကြီး တစ်ကန်ရှိသည် ။ ရေကန်ထဲမှာ ဘဲတွေငန်းတွေ ရေကူးနေသည်။ ကလေးများက သူတို့ကို
ပေါင်မုန့်တွေ ပစ်ကျွေးနေကြသည်။ ကလေးအချို့က လှေကလေးတွေ မျှောနေသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများအောက် လက်ချင်းတွဲပြီး လမ်းလျှောက်နေကြသည်။ ပန်းတွေကဝေေ၀ဆာဆာ ပွင့်နေသည်။

မြက်ခင်းစိမ်းစိမ်းက အပြန့်ကျယ်လှသည်။ အဲသည်မှာ ဘောလုံးပျော့(ဆော့ဖ်ဘော) ကစားနေကြသူတွေလည်း မြင်ရသည်။ ဟိုအဝေးဆီ၌မူ သစ်ပင်တွေ ထိပ်ဖျားမှ ထိုးထွက်နေသည့် တိုက်တာအိမ်ရာများ။ ထို့နောက်၌ ပြာလဲ့သော မိုးကောင်းကင်။

ပက်လက်လှန်နေရသောသူသည် တစ်ဖက်လူ ခရေစေ့တွင်းကျ ပြောပြသမျှကို နားစွင့်ကာ ကိုယ်တိုင်ကြည့်ရသလောက် အရသာတွေ့လျှက်ရှိသည်။ ကလေး တစ်ယောက် ရေထဲလိမ့်ကျတော့မလို ဖြစ်သွားတာ၊နွေရာသီ ၀တ်စုံသစ်တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ စသဖြင့် အပြင်လောကမှာ
ဖြစ်ပျက်နေပုံ အလုံးစုံကို သူ့အာရုံထဲ အသေးစိတ် မြင်ခွင့်ရနေသည်။

သည်လိုနေရင်း သာယာသော နေ့လယ်ခင်းတစ်ခုမှာ သူ့ခေါင်းထဲ အတွေးတစ်ခု ၀င်လာသည်။
တစ်ဖက်လူကတော့ ပြတင်းပေါက်နားမှာနေပြီး အပြင်လောကရှူခင်းအစုံကို စိတ်တိုင်းကျ ကြည့်ခွင့်ရနေသည်။
မိမိကိုတော့ ဘာကြောင့် အဲသည်နား ထားမပေးသလဲ ဟူသောအတွေးဖြစ်သည်။

သည်လို သေးသေးသိမ်သိမ် တွေးမိခြင်းအတွက် လည်းသူ ရှက်တော့ရှက်မိသည်။ သို့သော် သည်အတွေးကို ဖျောက်နေသည့်ကြားကပင် နေရာချင်း လဲချင်စိတ်က ပြင်းပြသထက် ပြင်းပြလာသည်။
ဘယ်နည်းနဲ့ဖြစ်ဖြစ် လဲရမှဖြစ်မယ်ဆိုတာမျိုးအထိ သူတွေးမိလာသည်။

တစ်ညမှာတော့ သူမျက်နှာကြက် ကိုငေးကြည့်နေစဉ် တစ်ဖက်လူ ရုတ်တရက်နိုးလာကာ ချောင်းဆိုးသည်။ ချောင်းဆိုးရင်း သီးလာသည် ။သူနာပြုဆရာမကို အရေးပေါ် ခေါ်သည့် အချက်ပေး
ခလုတ်ကို နှိပ်ရန် လက်က စမ်းတ၀ါးဝါး လိုက်ရှာသည်။

သို့သော် သူ မလှုပ်ရှား။ တဖက်လူ အသက်ရှူသံရပ်သွားသည့်အထိ ငြိမ်၍ပင် စောင့်ကြည့်နေသည်။
နောက်နေ့ မနက်မှာ သူနာပြု ဆရာမက တစ်ဖက်လူ သေဆုံးနေကြောင်း တွေ့ရှိကာ အလောင်းကို
တိတ်ဆိတ်စွာပင် သယ်ယူသွားသည်။

အိနြေ္ဒ မပျက်လောက်ဘူးဟု ထင်ရသော အချိန်လောက်တွင် ကျန်ရစ်သူက သူ့အား ပြတင်းပေါက်အနီး
ရှိ ခုတင်သို့ ပြောင်းပေးနိုင်မလား မေးသည်။သို့နှင့် ပြောင်းပေးကြသည်။
သက်သောင့်သက်သာ အရှိဆုံးဖြစ်အောင်နေရာချပေးသည်။သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသိုပေးသည်။

သူနာပြုတွေ ထွက်သွားသည်နှင့် တစ်ပြိုင်နက် တံတောင် တစ်ဖက်ပေါ်တွင် အားပြုကာ သူကြိုးစား၍
ထသည်။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံကာ သူ့ကိုယ်သူ ခဲယဉ်းပင်ပန်းစွာ ထူမပြီး ပြတင်းပေါက်မှ
အပြင်သို့ လှမ်းကြည့်သည်။

အပြင်၌ နံရံတံတိုင်းတစ်ခုသာ သူမြင်ရလေသည်။


[မူရင်း။ ။ အမည်မသိ စာရေးသူ၏The Window]


ကျွန်တော်ဖတ်ဖူးသော ဖေမြင့်၏ နှလုံးသားအာဟာရ ရသစာပေများ (၂) မှ ဖြစ်ပါတယ်။

ဆက်ဖတ်ရန်...

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။