အလွမ်း နရီ

ငါ့ ရင်လိပ်ပြာ
နားစက်ရာ
ဘယ်သူ သိမှာလဲ ...

ငါ့ သီချင်းရဲ့
အလွမ်းကြိုး
ဘယ်သူညှိခဲ့လဲ ..

မယုံကြည်တော့ဘူး ..
ငါ့ တောင်ပံတွေရဲ့
မမျှော်လင့်တတ်ခြင်းမှာ
ကံကြမ္မာ တိမ်ခိုးတွေ ညိုရီလို့ .....

ည နရီ မှာ
ငါ့ ရင်လိပ်ပြာ
နားစက်ရာ
ဘယ်သူ သိမှာလဲ ...

ကြယ်ကြွေပန်းနဲ့ အလင်းညှိယူ ..
အနမ်းတစ်ဆုပ်နဲ့ လွမ်းအိမ်မက်ခင်း ..
မလောက်မင အလွမ်းနဲ့ ရင် တစ်ခုစာ ..
ကဗျာ မဆန်ချင်တော့ဘူး ..

ကြာတော့လည်း
မျက်ရည်တွေ ခမ်း ... ခမ်း ... နွမ်း

ဆက်ဖတ်ရန်...

ဇစ်တပ်ဦးနှောက်


အေးစက်မှု တစ်ခုက
ရင်ငွေ့ခြုံ လ တစ်ခြမ်းကို
ခပ်နက်နက် အက်သွားစေခဲ့ …
လွင့်မျှောခွင့် မရှိတဲ့
သန်းခေါင်လွန် အလင်း
စိမ်းလန်း သဏ္ဍာန်
ကန္တာခြေနင်းတွေ ထွက်ခွာ
ပျံသန်းစ ပြုနေပြီ …


မမျှော်လင့်တတ်ခဲ့တာကလွဲရင်
အိမ်မက်မြစ်ကမ်းပေါ် ထိုင်နေပုံများ …


အခု
သွေးပျက်နဲ့ ယက်တဲ့ အခန်းဆီ
စုပုံထားတဲ့
ဖြူလွလွ အစိုင်အခဲတွေ ထုချေ
စက်ခေါင်းတစ်ခု မီးပေးတုန်းပေါ့ …။ ။

ဆက်ဖတ်ရန်...

ကျွန်တော်၏ အိမ်အပြန်

ကျွန်တော်ဟာ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်ရဲ့ဘလော့လေးနဲ့ ရက်ပေါင်းများစွာ ဝေးကွာခဲ့ပါတယ် ။

ကဗျာတွေစာတွေ မရေးသားနိုင်ခဲ့ပေမဲ့ ကျွန်တော်ရဲ့စိတ်တွေကတော့ ဘလော့လေး ထံပါးကိုအချိန်တိုင်းရောက်ရှိခဲ့ပါတယ် ။ ခုအချိန်အခါကစပြီး ပို့စ်အသစ်များကို ကျွန်တော်ကြိုးစားတင်သွားပါ့မယ် ။

2003 ခုနှစ် ကမြစ်ကြီးနားမှာ သူငယ်ချင်းများ စုပြီး ကဗျာ/၀တ္ထု စာအုပ်ထုတ်ခဲ့ဘူးပါတယ်။ထိုစဉ်က

ထည့်သွင်းခဲ့သော သုငယ်ချင်းလင်းသော်ဝေရဲ့ကဗျာလေးနှစ်ပုဒ်နဲ့ ကျွန်တော်ရဲ့ဘလော့လေးကို ပြန်လည်အသက်သွင်းလိုက်ပါတယ်။သူငယ်ချင်း လင်းသော်ဝေ ကတော့ ရွှေအမြုတေ ရဲ့
တန်းဝင် စာရေးဆရာတစ်ယောက်ဖြစ်နေပါပြီ။

မစ်တစ်စင်းရဲ့ သားဖွားခန်းမြို့

ချစ်ခြင်း မေတ္တာ
ထုထည် ဒြပ်သား
အသွားအပြန် သဘောတရား
သူလိုငါလို ကဇာတ်ခင်းရာ မြို့ကြီး
တောင်တန်းတွေ လွမ်းခြုံလို့
မြစ်တစ်စင်းကို ဘေးခေါ်သိပ်သူ မြို့ကြီးလေ
မြစ်ဆုံကို ဗန်းပြ
စပီတွေ ညာညာတိုက်ပြီး
အလှ ၀င့်ကြွားလို့
အလယ်အလတ်ဆိုဒ်သာသာရှိကြောင်း မေ့လျော့နေသူပါ
သူဖွားခဲ့တဲ့ မြစ်ကြီးကတော့
ပေးဆပ်နှင်းအပ်မှု ခပ်များများ
ရယူတောင်းဆိုမှု ခပ်နည်းနည်း
ရင်ရိုးတစ်လျှောက် နှလုံးသားစီးကြောင်းကြီးပေါ့
476 ပေ အမြင့်မှာ
ရိုးသား ပွင့်လင်းမှုတွေ
ရိုးရာ ရနံတွေ
အထားအသို မပျက်သေးသလိုနဲ့
နိုက်ကလပ်ရင်ထဲ ဆွဲသွင်းခဲ့ရတဲ့မြို့ကြီး
ဥတ္တရ လွင်ပြင်ဆီ
လှမ်းတက် ငေးမော ကြည်နူးခွင့်မရသူ
ရှူးရှဲရှဲ ရထားတွေ
မျဉ်းပြိုင်နှစ်စင်း မဆုံနိုင်မှန်းပြလို့
လှည့်ပြန်စေသူမြို့ကြီး
နီယွန်မှောင်ပျပျ
ညတွေကို ဖယောင်းတိုင်ထွန်းပြီး
ရိုမန်တစ် ဆန်ချင်ဆဲ မြို့ကြီးခမျာ
အပြစ်များစွာနဲ့ သဘာဝအလှ
လွန်ဆွဲနေသေးသပ … ။ ။

လင်းသော်ဝေ

ပန်းပွင့် ကြမ်းရသူ


တစ်ကယ်တော့
သစ္စာဖောက် အနမ်းတွေ အမြင်တိမ်းပါးဖွယ် ဖြစ်မှာမို့
အမှောင်က နှုတ်ခမ်းကို ခိုးဝှက်ပွင့်လိုက်တာဖြစ်တယ် …

တစ်ကယ်တော့
လေလွင့်မှု ကဲလွန်ပြီး အမောဖျောက် အနမ်းကို
ပြန်မပြင်ရဲ့လို့
နှုတ်ခမ်းဟာ ဘ၀ရဲ့ အလိုတော်အတိုင်း ကွေးညွတ်နေတာဖြစ်တယ် …. ။ ။

လင်းသော်ဝေ

ဆက်ဖတ်ရန်...

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။