ကျွန်တော် အိပ်ရာမှနိုးလာသောအခါ ကျွန်တော်ရှေ့တွင် ကြီးမားသော အမှောင်ထုကြီး ရှိနေ၏။ ကျွန်တော် ဘာကြောင့် အိပ်ရာမှ နိုးလာသနည်း။တအိပ်မက်မှ မမက်မိတာ ကာလတော်တော်ကြာခဲ့ပါပြီ။ အမှောင်ထဲတွင်မျက်တောင် တစ်ချက်နှစ်ချက် ခတ်ပြီး တစ်ခဏ ငြိမ်သက်နေလိုက်စဉ် ကျွန်တော် ဘာကြောင့် နိုးလာသည်ကိုသိလိုက်၏။ထိုအခါ ကျွန်တော်သည် အိပ်ခန်းထဲမှ ထွက်ပြီးအပြင်ဘက် ၀ရန်တာ တံခါးကို တွန်းဖွင့်လိုက်သည်။ကျွန်တော်၏ ကြယ်ကလေးကို နှုတ်ဆက်ရန် ဖြစ်ပါသည်။
မည်းနက်သော ကောင်းကင်တွင် လမင်း လုံးဝမရှိပါ။ အမျိုးအစား ကွဲပြားသော ကြယ်ပေါင်းများစွာသည်
ပြိုးပြက်ဝင်းလက်စွာ ဖွာလန်ကျဲနေသည်။မိုးကုတ်စက်ဝိုင်းအထိ ပြန့်ကျဲနေသော မဆုံးနိုင်သည့် ကြယ်ပေါင်းများစွာထဲမှာ ကျွန်တော့်ကြယ်ကို ကျွန်တော်ဘယ်လိုရှာနိုင်သလဲဟူသည့် မေးခွန်းမှာ တော်တော် ဖြေရခက်သော မေးခွန်းဖြစ်၏။ သို့သော် ကျွန်တော့်ကြယ်ကို ကျွန်တော်သိပါသည်။ မှန်တစ်ချပ်ရှေ့မှာ လူတွေအများကြီး မတ်တပ် ရပ်နေကြသည့်အခါ လူတစ်ယောက်သည် မှန်ထဲမှ မိမိကိုယ်ကို အခြားသူများထဲမှ လွယ်ကူစွာ သီးသန့် ခွဲခြား၍ မြင်ရသကဲ့သို့ ကျွန်တော်ကြယ်ကလေးကို ကျွန်တော်မြင်ရပါသည်။
ဟိုးမှာ အခြားကြယ်များနှင့်မတူ ဖျော့မှိန်စွာ မှိတ်လိုက်လင်းလိုက် ပြုံးနေသော ကြယ်ကလေးကို ကျွန်တော်မြင်ရပါသည်။အဲသည် ကြယ်ကလေးနှင့် တည့်တည့်ဆီမှာ ကျွန်တော်၏အိမ်ဖြစ်သည်။ကျွန်တော်အိမ် မှာ ဝေးကွာလှသည်။ ကျွန်တော်သည် အိမ်ကို လွမ်းဆွတ်သောစိတ်ဖြင့် မကြာခဏ ငိုကြွေးခဲ့ရပြီးပါပြီ။ ကျွန်တော်သည် နယ်နှင်ဒဏ်ခံနေရသော သားတစ်ယောက်ဖြစ်ခဲ့လေသလား။ သေချာသည်ကတော့ ကျွန်တော်သည် သားတစ်ယောက်ဖြစ်သည်။ကျွန်တော်သည် တစုံတစ်ယောက် ကောက်ယူလွှင့်ပစ်လိုက်သော ကျောက်စရစ် ခဲကလေးတစ်လုံးလိုပင် လွင့်စင်ခဲ့ရသည်။
ဘယ်အချိန်ကစပြီး ကြယ်ကလေးကို ကျွန်တော်ပိုင်ဆိုင်သွားသလဲဆိုတာ အတိအကျ ကျွန်တော် မမှတ်မိပါ။သို့မဟုတ် ကြယ်ကလေးက ကျွန်တော့်ကို ပိုင်ဆိုင်သွားတာလည်း ဖြစ်နိုင်ပါသည်။အကြောင်းမှာ ကြယ်ကလေးသည် ကျွန်တော်အား အိပ်ရာမှ နိုးတတ်သည်။ကြယ်ကလေးသည်ကျွန်တော်အား ငိုကြွေးစေသည်။
ကြယ်ကလေးသည် ကျွန်တော်အား ရယ်မောစေသည်။ကြယ်ကလေးသည် ကျွန်တော် ဂီတာနုတ်တ်စ်များ ရှာဖွေရာတွင် လမ်းညွှန်ကြားနိုင်ခဲ့သည်။ကြယ်ကလေး၏အပြူံး ဖြင့်သာ ကျွန်တော်သည် နှစ်သိမ့် ကြည်နူးဖွယ် သီချင်းများကို ရေးစပ်နိုင်သလို ကြယ်ကလေး၏၀မ်းနည်းနာကျင်မှု့အရ ကျွန်တော်သည် ကြေကွဲဖွယ်သံဇဉ်များကိုရှာဖွေနိုင်ခဲ့သည်။
ကျွန်တော်ကို အိပ်ယာမှနှိုးတိုင်း ကြယ်ကလေးတွေ ကျွန်တော်အား ပြောပြရန် ပုံပြင်တစ်ခုခု ရှိနေသည်ချည်းဖြစ်၏။ ကြယ်ကလေးကပြောပြသောကြောင့်သာ ကြယ်ကလေးကိုပိုင်ဆိုင်သူမှာ ကျွန်တော်တစ်ယောက်တည်း မဟုတ်မှန်း ကျွန်တော်သိခဲ့ရသည်။ သို့သော် ထို အခြားတစ်ယောက်သည်လည်း နောက်ထပ်`ကျွန်တော်´တစ်ယောက်သာဖြစ်သောကြောင့် ကျွန်တော်ကျေနပ်ပါသည်။ ယခုကျွန်တော်နှင့် ဟိုက ကျွန်တော်သည် သွင်ပြင်လက္ခဏာများ ဆင်တူလွန်းသဖြင့် တစ်ခါတစ်ခါ ကျွန်တော်ကိုယ်တိုင်ပင်လျှင် မည့်သည်ကျွန်တော်လဲဟု ဇဝေဇ၀ါ ဖြစ်ခဲ့ရသည်။ ကျွန်တော်သည် ပထမကျွန်တော်လား ဒုတိယကျွန်တော်လား ကျွန်တော်မဝေခွဲနိုင်ပါ ။ ကြယ်ကလေး၏အရောင်လက်သောမျက်နှာပြင်ထဲတွင် ကျွန်တော်မြင်နေရသူသည်ပင် ပထမကျွန်တော်လား သို့မဟုတ် တစ်ခါတစ်ခါ လောကသည် သည်လိုပဲ ရယ်စရာကောင်းတတ်ပါသည်။ ရယ်ချင်သောစိတ် ရှိနေစဉ်မှာပေါ့လေ။
ကောင်းကင်ရှိကြယ်ပေါင်းများစွာထဲကမှ ကျွန်တော်သည် ဘာကြောင့် ဤကြယ်သေးသေးကလေးကို ကျွန်တော်ကြယ်အဖြစ် ရွေးချယ်ခဲ့ပါသလဲ ။ကြယ်ကလေးက ပြောပြတာကတော့ ကျွန်တော်ကိုသာ ရွေးချယ်ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်တဲ့။
* * * * * * * * * * * * * *
ပထမကျွန်တော်။
ကျွန်တော်သည် ငယ်စဉ်ကတည်းက ဘာကြောင့်လဲ ဟူသည့် မေးခွန်းတစ်ခုတည်းကိုသာ စိတ်ဝင်စားခဲ့၏။ ကျွန်တော်တို့ ဘာကြောင့်ကျောင်းကို သွားကြသနည်း?ဟု အမေ့အား ကျွန်တော်မေးခဲ့သောအခါ အမေက ၀ါးခြမ်းပြားဖြင့် ရိုက်ခဲ့၏။ ပညာတတ်စေချင်လို့ပေါ့ဟဲ့ ဟု အမေ အော်ငေါက်ပါသေးသည်။ ကျွန်တော်တို့ ဘာကြောင့် ပညာတတ်ဖြစ်ရမည်နည်း။ ပညာတတ်သူနှင့်ပညာမတတ်သူ မည်သူကပို၍ လောကနှင့် အဆင်ပြေနိုင်ပါသနည်း။ ပညာတတ်များဖြစ်ပ်ါလျှက် လောကနှင့်အဆင်မပြေဘဲ ဆင်းရဲဒုက္ခခံစား နေကြရသူများသည် ဘာကြောင့် ဤအဖြစ်နှင့် ရင်ဆိုင်နေရပါသနည်း။သူတို့ မှားယွင်းခဲ့လို့လား။ ပညာ ကိုယ်တိုင်က မှားယွင်း နေခဲ့လို့လား။ ဤ နောက်ဆက်တွဲ မေးခွန်းများကို ကျွန်တော်အား မည်သူမျှ မဖြေဆိုခဲ့ပါ။
ကျွန်တော်တို့ကျောင်းတွင် ဘာကြောင့် ယောင်္ကျားဆရာက နည်းပြီး မိန်းမဆရာက များနေရပါသနည်း။ယောင်္ကျားဆရာများ သည်ဘာကြောင့် ဒေါသကြီးတတ်ကြပါသနည်း။ မိန်းမဆရာများ သည်ဘာကြောင့် တက်တင်းထိုးကြပါသနည်း။ဘာကြောင့် သိုးမွှေးထိုးကြပါသနည်း။ဘာကြောင့် ကျောင်းမှာ ဈေးရောင်းကြပါသနည်း။ကျွန်တော်တို့မှာ ဘာကြောင့် ကျယ်ဝန်းသော ကစားကွင်းထဲ၌ အချိန်ကြာကြာ ကစားခွင့် မရှိပါသနည်း။
ကျွန်တော် သည် ပထ၀ီဝင်ဘာသာ ကို မသင်ကြားရသေးမီက ၄င်း ဘာသာ အပေါ်အလွန် စိတ်ဝင်စားပါသည်။
ကျွန်တော် သိချင်သော မြစ်များ၊ ချောင်းများ၊ ပင်လယ်များအကြောင်း၊ တောင်ကုန်းများ အကြောင်း၊ကျွန်တော်သိခွင့်ရတော့မည် ဖြစ်သည်။မြစ်တစ်ခုသည်ကျဉ်းပြီး၊ အခြားမြစ်တစ်ခုက ဘာကြောင့် ကျယ်ရပါသနည်း။မြစ်တစ်ခုကဖြောင့်၍ အခြားမြစ်တစ်ခုက ဘာကြောင့် ကောက်ကွေ့ရပါသနည်း။မြစ်များသည် မြောက် မှ တောင်သို့ စီးဆင်းကြသည် ဆိုလျှင်ပင်လယ်များသည် မည့်သည့် အရပ်သို့ စီးဆင်းကြ ပါသနည်း။ပင်လယ်ကို ကျွန်တော် မမြင်ဖူးပါ။ နိုင်ငံခြားပင်လယ်ကို နိုင်ငံခြားရုပ်ပုံ စာအုပ်ထဲမှတစ်ဆင့်လှပစွာ မြင်ဖူးပါ၏။
သို့သော် မြန်မာ့ပင်လယ်ကို ဓာတ်ပုံဖြင့် ကျွန်တော် မမြင်ဖူးပါ။ ဟောဟိုနေရာမှာ ပင်လယ်ရှိသည်ဟု ကျွန်တော်ဆွဲသော မြန်မာနိုင်ငံ မြေပုံအောက်ဘက်ပိုင်းမှာ စိတ်မှန်းဖြင့် မှန်းဆကြည့်ရပါသည်။ကျွန်တော်တို့ကျောင်းမှာ ပထ၀ီသင်သည့်အခါ ကမ္ဘာလုံးကြီးဖြင့် ပြပြီးသင်ဖို့ ဆရာတွေကဘာကြောင့် မကြိုးစားကြပါသနည်း။ကျွန်းသစ်တောကို ကျွန်တော်မြင်ဖူးချင်သည်။မေခနှင့်မေလိခမြစ်ဆုံကို ကျွန်တော် မြင်ဖူးချင်သည်။ပထ၀ီဝင်ဘာသာကို တကယ်သင်ကြားရသောအခါ ၄င်းဘာသာကို လုံးဝစိတ်ကုန်သွားခဲ့ပါသည်။
ကျွန်တော်တို့တွင် ပြဋ္ဌာန်းစာအုပ်များရှိသည်။ထိုပြဋ္ဌာန်းစာအုပ်များထဲမှာ ပါဝင်သောအကြောင်းအရာများ
ကို ကျွန်တော်တို့ ကလေးများစိတ်ဝင်းစားအောင်၊နားလည်အောင်၊ ကျက်မှတ်လိုစိတ်ရှိအောင် ဆရာများကဘာကြောင့် သင်ပြမပေးခဲ့ပါသနည်း။ထိုပြဋ္ဌာန်းစာအုပ်ထဲမှ စာများကို ကျွန်တော်တို့ မှတ်စုစာအုပ်များထဲသို့ `၏ သည်´ မလွဲအောင် ဘာကြောင့် ကူးရေးနေကြရပါသနည်း။ ကျွန်တော်တို့ ကလေးတွေမှာ ကျွန်တော်တို့ နားမလည်သောစာများကို ကူရေးနေရသည်ထက် ပို၍ စိတ်ဝင်စားစရာကောင်းသော အရာများ၊ပို၍ လက်တွေ့ကျသော အရာများ များစွာရှိသည်ဟု ဆရာတွေဘာကြောင့် မသိခဲ့ပါသနည်း။ သို့မဟုတ် ဘာကြောင့် မသိဟန်ဆောင်ခဲ့ကြပါသနည်း။ဆရာတို့မှာ စာသင်သည်ထက် ပို၍ လက်တွေ့ကျသော ပို၍ စိတ်ဝင်စားသော အခြားအရာများ ရှိနေခဲ့ပါသလား။ ကျောင်းသားများ နားလည်အောင် စာသင်ခြင်း၊ကျောင်းသားများစိတ် ၀င်စားအောင်ရှင်းပြခြင်း စသည်တို့သည် ဆရာ၏ဘ၀ မဟုတ်ဘူးလား၊ဆရာ၏ အခြားဘ၀ တစ်ခုခု ရှိသေးသလား။ကျွန်တော်၏ မေးခွန်းများကို မည်သူမျှမဖြေခဲကြပါ။
အောက်ဆီဂျင်၏ ဂုဏ်သတ္တိများ၊ဟိုက်ဒြိုဂျင်ဆာလဖိုဒ်၏ ဂုဏ်သတ္တိများ စသည်တို့ကို သင်ရသောအခါကျွန်တော်တို့သည် ဓာတုဗေဒကို စိတ်ဝင်စား၏။ သို့သော် ထို ဓာတ်ငွေ့များကို ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ထုပ်ဖော်ချင်လျှက် မအောင်မြင်သော်အခါ ဓာတုဗေဒအပေါ် စိတ်ဝင်စားမှု့ လျှော့နည်းခဲ့ရသည်။ စမ်းသပ် ဖန်ပြွန်များ ၊ ဗီကာများ၊အောက်လုံးဖန်ဘူးနှင့် အောက်ပြားဖန်ဗူးများ ၄င်းတို့သည် ကျွန်တော်တို့နှင့် ဘာကြောင့်သည်မျှ ဝေးကွာ နေခဲ့ရပါသနည်း။
ဆရာတစ်ယောက် ကျွန်တော်တို့မမြင်ဖူးသော အရာများအကြောင်း ရေးလာသည့် စာပိုဒ်များကို ကျွန်တော်တို့အား ဖတ်ပြနေသည်။ဘာကြောင့်ဖတ်ပြသနည်း။ကျွန်တော်တို့ စာမဖတ်တတ်ဘူးဟု ထင်နေသလား။ ကျွန်တော်တို့သည် ဆရာ့မျက်လုံးကို စောင့်ကြည့်ကာ ဆရာ့စာဖတ်သံကို နားထောင်ရတာ ငြီးငွေ့လာ၏။ကျွန်တော်တို့သည်ကျွန်တော်တို့၏ ဘောလုံးပွဲများအကြောင်း၊ကျွန်တော်တို့ခဏခဏသွားခဲ့ကြသော မြက်ခင်းပြင် နှင့် တောင်ကုန်းများ အကြောင်း၊ ကျွန်တော်တို့ ဖမ်းမိခဲ့ဖူးသောကြက်တူရွေး တစ်ကောင်အကြောင်း၊ကြက်တောင်ရိုက်ပြိုင်ပွဲအကြောင်း များကိုသာ ပြောချင်နေကြပါသည်။
ကြီးလာလျှင် ဘာလုပ်မည်နည်းဟု ကျွန်တော်တို့အား လူကြီးများက မေးလာသောအခါတိုင်း ကျွန်တော်တို့အားလုံး စိတ်ကသိကအောင့် ဖြစ်ခဲ့ကြရသည်။ကျွန်တော်တို့ ဘာဖြစ်ချင်ကြသနည်း။ကျွန်တော်တို့ မသိပါ။ ကျွန်တော်တို့သည် တစ်ခါတစ်ခါ စတားလုံးဖြစ်ချင်၏။ တခါတခါ အိုင်းစတိုင်းဖြစ်ချင်၏။ တစ်ခါတစ်ခါ ဗိုလ်အောင်ဒင်ဖြစ်ချင်၏။ တစ်ခါတစ်ခါ မီးပုံးပျံ ဦးကျော်ရင် ဖြစ်ချင်၏။ တစ်ခါတစ်ခါ ဗိုလ်အောင်ကျော်ဖြစ်ချင်၏။ တချို့ကလေးများသည် ငယ်စဉ်ကတည်းက ဆရာဝန် လုပ်ချင်သည်။စစ်ဗိုလ် လုပ်ချင်သည်။စာရေးဆရာလုပ်ချင်သည် စသည်ဖြင့် ရည်ရွယ်ချက် ရှိကြပြီး ရည်ရွယ်ချက်အတိုင်း ဖြစ်အောင် လုပ်နိုင်ခဲ့ကြသည်ဟု လူကြီး သူမများက ပြောပြကြပါသည်။ အံ့ဖွယ်သူရဲ ထူးကဲလှပါတကား။သူတို့သည် ဘာကြောင့် သူတို့ကိုသူတို့ သိကြပါသနည်း။ ဘာကြောင့် ရည်ရွယ်ချက်ရှိကြပါသနည်း။ ကျွန်တော်မှာ ဘာရည်ရွယ်ချက်မှမရှိ။ ရည်ရွယ်ချက်သည် ဘယ်ကလာပါသနည်း။ ရည်ရွယ်ချက်ကို ရအောင်ဘယ်သူဆီက တောင်းခံ ရမည်နည်း။ ရည်ရွယ်ချက်ဆိုသည်ကို ရယူပိုင်ဆိုင်ဖို့ ကျွန်တော်မှာ ဘာအရည်အချင်းတွေ လိုအပ်ပါသနည်း။ ကျွန်တော်မသိပါ။ထိုအခါ ကျွန်တော်သည် ကျောင်းပြေးပါသည်။ ကျွန်တော်အား ကျောင်းမှ မိမိဘာဝါသနာပါသည်ဟု သိရန် သင်ကြားမပေးနိုင်သောအခါ ကျွန်တော်သည် ကျောင်းပြင်ပမှာသာ ၀ါသနာ ပါ့သည့်အရာကို လိုက်လံ ရှာဖွေ ခဲ့ပါသည်။ကျွန်တော်ပြေးသည်။ပြေးပြီးရင်း ပြေးသည်။ကျွန်တော်ကို ကြယ်ကလေးတစ်လုံးက ဖမ်းမိသွားသောအခါမှ ကျွန်တော်အပြေးရပ်သွားခဲ့ပါသည်။
* * * * * * * * * * * * * * * * * * * * * *
ဒုတိယ ကျွန်တော်။
အဖေက ကျွန်တော့်ကို အောင်မြင်သော ပွဲရုံပိုင်ရှင် တစ်ယောက် ဖြစ်စေချင်သည်။ အမေက ကျွန်တော်ကို အရာရှိ အကြီးကြီး ဖြစ်စေချင်သည်။ ကျွန်တော်သည် ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်သည်ဟု မသိခဲ့ဘဲ သီချင်းရေးစပ်သူ ဂစ်တာသမားတစ်ယောက် ဖြစ်ခဲ့ရပ်ါသည်။ကျွန်တော်သည် ဘာကြောင့်ဟူသော အကြောင်းပြချက်ကို လုံးဝ စိတ်မ၀င်စားပါ။လူ့ဘ၀ကို အလိုက်သင့်မျှောပါရင်း ကမ်းတခုခုကိုကပ်မိသည့်အခါ် ထိုကမ်းသည်ဘယ်သို့ရောက်မလဲသာ စိတ်ဝင်စားပါသည်။
ကျွန်တော်ချစ်သော ကျွန်တော်ကိုချစ်သော ကြယ်ကလေး တစ်ပွင့်က ပြောပြသည့် `မျှော်လင့်ချက်´ဆိုသည့် အကြောင်းအရာကလေးကို ပထမဦးဆုံး အကြိမ် သီချင်းတစ်ပုဒ်အဖြစ် ရေးစပ် သီဖွဲ့စဉ်က ကျွန်တော်မှာ ဂစ်တာကလေးတစ်လက်ပင် မပိုင်ဆိုင်ခဲ့သေးပါ။ ထိုသီချင်းတစ်ပုဒ်အား ကျွန်တော် ရောင်းချပစ်လိုက်သောအခါ် ရရှိသည့်ငွေ သည် ရောဘာဖိနပ်တစ်ရံထက် ပို၍ လိုအပ်သောအရာ များစွာရှိသေးသည်။ထိုအထဲမှ အလိုအပ်ဆုံးအရာမှာ ဂစ်တာတစ်လက်ဖြစ်သည်။ ဂစ်တာတလက်ပိုင်ဆိုင်ဖို့ ကျွန်တော်ဘာတွေ လုပ်ခဲ့ရပါသလဲဟု ကြယ်ကလေးက မေးမြန်းသောအခါ ကျွန်တော်သည် သိမ်ငယ်စိတ်များဖြင့် မျက်ရည်ကျခဲ့ရသည်။သို့သော် ကျွန်တော် မဖြေပါ။ သို့သော် ကြယ်ကလေးက သိနေခဲ့မည်ဟု ကျွန်တော် ထင်သည်။ ကြယ်ကလေးသည် ညစဉ်ညတိုင်း ကျွန်တော်အား စောင့်ကြည့်နေခဲ့သည် မဟုတ်ပါလား။
ဈေးခပ်မြင့်မြင့် အေးချမ်းတိတ်ဆိတ်သော အအေးခန်း ကော်ဖီဆိုင်ကလေးတစ်ခုမှာ ကျွန်တော် ဂစ်တာတီး၍ ဖြေဖျော်ခဲ့ရသော ကာလများသည် လပေါင်းမည်မျှ ကြာခဲ့သနည်း။ ကျွန်တော်မမှတ်မိချင်ခဲ့ပါ။ ကျွန်တော် ဘာကြောင့် ဂစ်တာတီးနေရပြီး သူတို့တတွေက ဘာကြောင့် အစားအသောက်များကို ဇိမ်ကျကျစားသောက် နေခဲ့ရပါသနည်း။ထိုအကြောင်းကို ကျွန်တော် မသိချင်ခဲ့ပါ။ ကျွန်တော်ကို ကြည့်သောသူတို့၏ မျက်လုံးများသည် ခပ်မှိန်မှိန်အလင်းအောက်မှာ ဘာအဓိပ္ပါယ်ကို ဖော်ပြပါသနည်း။ကျွန်တော်စိတ်မ၀င်စားပါ။ ကျွန်တော် စိတ်ဝင်စားသည်က ကျွန်တော် ဖြေဖျော်ချိန်တာဝန် ကုန်ဆုံးသည့် အခါ ကျွန်တော်ရရှိမည့် ငွေကြေးသာ ဖြစ်သည်။ လောကမှာ ဂစ်တာတီးပြီး သီချင်းဆိုရတာလောက် ပျော်စရာကောင်းသောအရာ ဘာများရှိနိုင်ပါမလဲဟု တွေးခဲ့မိသော ကျွန်တော်သည် ထိုအတွေးအပေါ် သံသယဖြစ်သည့် ကာလများစွာ ကြုံရဖူး၏။ ဂစ်တာကြိုးများသည် ကျွန်တော်အား တစ်ခါတစ်ခါ ကြည်နူးနှစ်သိမ့်စေပြီး တစ်ခါတစ်ခါ ၀မ်းနည်း သိမ်ငယ်စေခဲ့သည်။ တစ်ခါတစ်ခါ ဂုဏ်ယူကျေနပ်စေပြီး တစ်ခါတစ်ခါ နာကျည်းမုန်းတီး စေခဲ့သည်။
ကျဉ်းမြောင်းလှောင်ပိတ်သော အခန်းသေးသေးကလေး တစ်ခုဆီသို့အပြန် ညကာလများတွင် ကျွန်တော်သည် ကောင်းကင်ကို မော့ကြည့်ကာ ကျွန်တော်ကြယ်ကလေးနှင့် စကားပြောခဲ့ရသည်။ ကျွန်တော်ငိုလျှင် ကြယ်ကလေးက ချော့မော့သည်။ ကျွန်တော် ဒေါသကြီးလျှင် ကြယ်ကလေးက ဖျောင်းဖျသည်။
ကျွန်တော် အိပ်ပျော်သွားလျှင် ခဏကြာတော့ ကြယ်ကလေး သည်ကျွန်တော်ကိုနှိုးသည်။ ထို့နောက် ကျွန်တော်အား ဂစ်တာတီးခိုင်းသည်။ သီချင်းဆိုခိုင်းသည်။ ထိုကာလများ မည်မျှကြာခဲ့သနည်းဟု ကျွန်တော် ဘယ်တော့မှ မတွေးပါ။ ကျွန်တော်ပျော်ခဲ့ပါသလား။ကျွန်တော်ပျော်ခဲ့သည်ဟု ပြောလျှင် ခင်ဗျားတို့ ယုံချင်မှ ယုံလိမ့်မည်။သို့သော် ကျွန်တော် တကယ်ပျော်ခဲ့ပါသည်။ ကျွန်တော်သည် ဂစ်တာကလေးကို ကျွန်တော်၏ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုပမာ သံစဉ်များသည် ၀မ်းနည်းကြေကွဲရသည်ပင်ဖြစ်စေ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်သော ရတနာများသာ ဖြစ်သည်။ ကျွန်တော်ဘ၀သည် သီချင်းများပင်ဖြစ်သည်။
ကျွန်တော်က သီချင်းတွေအပေါ် မြတ်နိုးတန်ဖိုးထားပါလျှင် သီချင်းတွေက ကျွန်တော်ကို ကျွန်တော်လိုသမျှ အရာများကို ပေးပါလိမ့်မည်ဟု ကြယ်ကလေးက ကျွန်တော့အား ပြောပြဖူး၏။ ကြယ်ကလေးသည် မှန်သောစကားကိုသာ ဆိုတတ်သူ ဖြစ်သည်။သီချင်းများသည် ကျွန်တော်အား ကျွန်တော်တောင်းသမျှ အရာများကို ပေးခဲ့ပါသည်။ အသေးအဖွဲ့ ပစ္စည်းများမှ အစပြု၍ တန်ဖိုးကြီးမားသော ပစ္စည်းများအထိ တစ်စတစ်စ တိုးကာပေးအပ်ခဲံ့သည်။ အချိန်ကာလများစွာ ကြာခဲ့သည်ပဲ ပြောစရာရှိပါသည်။
ထိုအရာများ ဘယ်တော့ ကျွန်တော့်ထံမှ ပျောက်ကွယ်သွားဦးမည်နည်းဟု ကြယ်ကလေးအား ကျွန်တော် မေးခဲ့သောအခါ ကြယ်ကလေးက ရယ်မောပါသည်။
`မင်းရဲ့ နောက်ထပ် ကိုယ်ပွားတစ်ယောက်ကို ငါ့ဆီမှာ မင်းမြင်တွေ့နေရသမျှ မင်းမှာ အဲဒါတွေ ရနေအုံးမှာပါ´ ဟုဖြေခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် ညစဉ် ကြယ်ကလေးထံမှာ `ကျွန်တော်´ ရှိမရှိ လိုက်ရှာကြည့်လေ့ရှိသည်။
ထို ကျွန်တော်ကို ကျွန်တော်မြင်ရပါသည်။တစ်ခါတစ်ခါ ကျွန်တော်တို့ နှစ်ယောက်စကားပြောကြပါသည်။
တစ်ခါတစ်ခါ ရန်ဖြစ်ကြပါသည်။ထို ကျွန်တော်က ကျွန်တော်အားလောကတွင် အရေးကြီးဆုံးမှာ `အကြောင်းရင်း´သို့မဟုတ် `ဘာကြောင့်´ ဆိုသည့်မေးခွန်းဖြစ်သည်ဟု ပြော၏။ ကျွန်တော် သဘောမတူပါ။လောကတွင် အရေးကြီးဆုံးမှာ `ဘယ်ကို´သွားမည်လဲ။` ဘယ်တော့´သွားမည်လဲ။ `ဘာတွေ´ရမည်လဲ။`ဘယ်လို´ အသက်ရှင်နေထိုင်ပြီး `ဘယ်လို´ ပျော်ရွင်ကြမလဲ၊ထိုအချက်များသာ ဖြစ်သည်ဟုထင်သည် ။ သို့သော် ကျွန်တော်တို့ နှစ်ယောက် စကားပြောတိုင်း ကျွန်တော် သည် လောက အပေါ် ပို၍ပို၍ သဘောပေါက် လာခဲ့ပါသည်။
ကြယ်ကလေး မှတဆင့် သိရသော ထိုကျွန်တော်ကတော့ ကျွန်တော်ကို မကျေနပ်ပါ။ တစ်ချိန်ချိန်တွင် ကျွန်တော်တို့ နှစ်ယောက်အကြီးအကျယ် ပဋိပက္ခဖြစ်လာနိုင်သည်ဟု ကျွန်တော်ထင်သည်။ သို့သော် ကြယ်ကလေးက ကျွန်တော်တို့ နှစ်ယောက်ကို ပေါင်းစည်းပေးနိုင်ပါလိမ့်မည်။
* * * * * * * * * * * * * * * * *
ကျွန်တော် နှစ်ယောက်။
ကျွန်တော်တစ်ယောက်သည် ပင်လယ် ကမ်းစပ်ကျောက် ဆောင်ပေါ်တွင် မတ်တပ်ရပ်လျှက် အောက်ဖက်ပင်လယ်ပြင်ကို ငုံကြည့်နေသည်။ ပင်လယ်ဒီလှိုင်းများသည် ကျောက်ဆောင်ကို ၀ုန်းခနဲ ၀ုန်းခနဲ လာရောက်ပုတ်ခတ်နေချိန်တွင် ဖွာခနဲ လွင့်စင် မြောက်တက်လာသော ရေပန်းရေမွှားများသည် ကျွန်တော်ခြေထောက်သို့ လာ၍ စင်တတ်၏။ ဟိုးအဝေးက ပင်လယ်ပြင်နှင့် ကောင်းကင်အစပ် အနားသတ်မျဉ်းကလေးသည် ကျွန်တော်မျက်စီအောက်မှာပင် တဖြည်းဖြည်း ၀ါး၍၀ါး၍ လာသည်။ ကောင်းကင်သည်ပင်လယ်ဖြစ်သွားပြီးပင်လယ်သည်ကောင်းကင်ဖြစ်သွားသည်။ ကောင်းကင်ဖြစ်သွားသောပင်လယ် ထဲတွင် ကျွန်တော်ကြယ်ကလေးကို ကျွန်တော် မြင်နေရသည်။ အချိန်မှာဆောင်းဥတုဖြစ်နိင်သည်။ နှင်းငွေ့များသည် တဖွဲ့ဖွဲ့ကျနေရာ ကျွန်တော်ဆံပင်များမှာ နှင်းစက်များဖြင့် စိုထိုင်းအေးစက် လာသည်။နှင်း ဖြစ်ပေါ်လာရခြင်းအကြောင်းကို ကျွန်တော်အား တစ်ယောက်ယောက်က သင်ကြားပေးခဲ့ဖူးပါသလား။ သင်ကြားပေးခဲ့သည်ဆိုလျှင် ထိုဘာသာရပ်သည် ပထ၀ီဘာသာရပ်လား ၊သိပ ဘာသာရပ်လား၊ဘာပဲဖြစ်ဖြစ် ကျွန်တော် နှင်းတွေကို ချစ်ပါသည်။ထိုအချစ်ကို ကျွန်တော့်အား ဘယ်သူကမှ သင်ကြားမပေးခဲ့ပါ်။
အခြား ကျွန်တော်တစ်ယောက်သည် တိမ်စိုင်တိမ်လိပ်များပေါ်မှာ အိပ်ပျော်လျှက်ရှိသည်။ကျွန်တော့်ကို တိမ်များသည် ဘယ်အထိ ခေါ်ဆောင်သွားကြမည်နည်း။အရေးမကြီးပါ။ကျွန်တော်သည် သူတို့ခေါ်ဆောင်ရာသို့ လိုက်ပါရန် အဆင်သင့်ပင်ဖြစ်ပါသည်။ကျွန်တော်ပါးပြင်နှင့်ဆံပင်များကို ရိုက်ခတ်လာသောလေသည် အေးမြလန်းဆန်းလျှက် ရှိသည်။ထိုလေတွင် ရေခိုးရေငွေ့ ပါဝင်သလား။ ကျွန်တော်မသိပါ။ ကျွန်တော်သိသည်က ကျွန်တော် ခန္ဓာကိုယ်တွင် လှည့်ပတ်စီးဆင်းနေသော သွေးများသည် ဂီတသံစဉ်များ ဖြစ်သည်။
ကျွန်တော့်ရင်ထဲမှ နှလုံးခုန်သံသည် ဂီတသံစဉ်များဖြစ်သည်။ ကျွန်တော်သည် အသက်ရှူသွင်းလိုက်တိုင်း ဂီတသံကိုသာ ရှူမိသည်။ ကျွန်တော် အသက်ရှူထုတ်လိုက်သောအခါ ထိုအရာသည် သီချင်းများဖြစ်နေသည်။ ကျွန်တော် အိပ်ပျော်နေတာ မဟုတ်နိုင်ဘူးပေါ့။ နိုးတစ်ဝက် အိပ်တစ်ဝက် ဖြစ်နေသလား။သို့သော် ဒါတွေက အရေးမကြီးပါ။ ကျွန်တော် ကြယ်ကလေးထံရောက်တော့မည်။ ကြယ်ကလေး၏အောက်တည့်တည့် မြေပြင်မှာ ကျွန်တော်အိမ် ရှိခဲ့ဖူးသည်။ ထိုနေရာမှာ ကျွန်တော်တို့ မိသားစု နွေးထွေး ပျော်ရွှင်ခဲ့ကြဖူးပါသည်။
ကျွန်တော်အား တစ်ယောက်ယောက်က ခေါ်သံကြားရသဖြင့် လှည့်ကြည့်လိုက်သောအခါ ပြုံးနေသော ကြယ်ကလေး ဖြစ်နေ၏။ ကြယ်ကလေး၏ မျက်နှာတွင် ကျွန်တော်တစ်ယောက်ကိုလည်း ကျွန်တော် တွေ့ရသေးသည်။
`နှင်းတွေကို လိုချင်သလား´ ဟု ကြယ်ကလေးက မေးသည်။
`လိုချင်ပါတယ်´ ဟု ကျွန်တော် ဖြေလိုက်သည်။
ထိုကျွန်တော်သည် ပထမ ကျွန်တော်လား၊ ဒုတိယ ကျွန်တော်လား၊ ကျွန်တော် မသိပါ။ ကျွန်တော် လက်ထဲမှာ နှင်းမှုန်နှင်းပွင့် ကလေးများ၏ အေးမြမြ အတွေ့ကို ခံစားရသည်။ဒါဖြင့် နှင်းကလေးတွေကို ပိုင်ဆိုင်သူဟာ ကျွန်တော်ပဲပေါ့။ တခြားဘယ် ကျွန်တော်မှ မဟုတ်ဘူးပေါ့။ ကျွန်တော် နှင်းများကို လောဘတကြီး နမ်းရှိုက် လိုက်၏။
ထိုအခါ ကြယ်ကလေး က ပြုံးနေပါသည်။
[၁၉၉၆ ခု၊ ဖေဖော်ဝါရီလ၊စာပေဂျာနယ်မဂ္ဂဇင်း]
ပိုစ့်လေး အတွက်ကျေးဇူးတင်ပါတယ်။
လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)