Showing posts with label ကျွန်တော် နှစ်သက်သော ကလေးအတွေး. Show all posts
Showing posts with label ကျွန်တော် နှစ်သက်သော ကလေးအတွေး. Show all posts

မင်းခိုက်စိုးစံရဲ့ ကလေးအတွေးများ ( ၂ )

( ၁ )

``ဟေ့…ချာတိတ်၊ဒီလောက်မိုးရွာနေတာ…ဘာဖြစ်လို့ အိမ်ပြင်မှာ ထွက်ပြီး ရပ်နေရတာလဲ။
ကြည့်စမ်း….မင်းတစ်
ကိုယ်လုံး ရွှဲရွှဲစိုနေပြီ´´

``ကျွန်တော်..ပုန်းနေတာခင်ဗျ´´

``ဟေ့…..ဘာတွေပုန်းနေတာလဲ´´

``မေမေက ရေချိုးပေးမယ်ဆိုလို့ ကြောက်လို့ ပုန်းနေတာ´´

* * * * * * * * * *

( ၂ )

ဒီအတွေးဟာ ကလေး တစ်ယောက်ရဲ့ အတွေး ဖြစ်တဲ့အတွက် တကယ့်ဖြစ်ရပ်နဲ့ သူ့ရဲ့တွေးခေါ်ပုံ လွဲချော် နေတာကိုကြည့်ပြီး ကွန်တော်တို့ ရယ်မော ပစ်လိုက်လို့ ရပါတယ်။

ကလေးငယ်ဟာ ရေချိုးရမှာကို ကြောက်တယ်။ အဲဒီလို သူကြောက်တဲ့အရာကို ရှောင်တိမ်း လိုက်တော့ ရော လွတ်မြောက်သွား သလား ဆိုတော့ မလွတ်မြောက်ပါဘူး။ မိုးရေထဲမှာ ထွက်ပြီးရပ်နေတော့ တစ်ကိုယ်လုံး ရွှဲရွှဲစိုရပြန်တာပါပဲ။

ကျွန်တော်က အဲဒီစိတ်ကူးကလေးကို လူကြီးတစ်ယောက်ရဲ့အတွေး အဖြစ် ပြောင်းလဲပြီး မြင်ကြည့်တယ်။ လူကြီးတွေကရော ဘာထူးလို့လဲ။ ကျွန်တော်တို့ဟာ ဒုက္ခတစ်ခုခု၊ အကျပ်အတည်းတစ်ခုခုနဲ့ ရင်ဆိုင်ရမှာကို ကြောက်ကြတယ်။ ဖြစ်နိုင်ရင် ရင်မဆိုင်ဘူး။ ရှောင်တိမ်းပုန်းအောင်းချင်ကြသည်။ အဲသည်လို ရှောင်တိမ်းလို့ရော ဒုက္ခကနေ လွတ်မြောက်သွားသား ဆိုတော့ မလွတ်မြောက်နိုင်ကြပါဘူး။ ပိုပြီး ဆိုးရွားတဲ့ အကျပ်အတည်းအောက်မှာ ရွှဲရွှဲစိုလျက်သား ဖြစ်သွားကြတာပါပဲ။

မာဂရက်ဘာ့ခ်ဝှိုက် ( Margaret Bourke White ) ဆိုတဲ့ စာရေးဆရာမတစ်ယောက် ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။

``ကြောက်စိတ်နဲ့တွေ့ရင် ရဲရဲရင်ဆိုင်၊ လုပ်သင့်လုပ်ထိုက်တာ တစ်ခုခုကိုလုပ်။ အဲဒီလို လုပ်လိုက်တဲ့အလုပ်က မကြောက်အောင် ကယ်သွားလိမ့်မယ်´´ တဲ့။

အဲဒီစကားကို ကျွန်တော် သိပ်ကြိုက်ပါတယ်။ တကယ်ဆို ကျွန်တော်တို့ အလုပ်သင့်ဆုံးအလုပ်ဟာ အကျပ်အတည်းတွေ၊ ပြဿနာတွေ၊ဒုက္ခတွေ ကို ရဲရဲရင်ဆိုင်ဖို့ ပဲ မဟုတ်လား။ ထွက်ပြေးနေဖို့ မဟုတ်ပါဘူး။

ထွက်ပြေးလိုက်ခါမှ ပြဿနာတွေက ပိုဆိုးရွားသွားတတ်ပါတယ်။အမေရိကန် ပြဇာတ်လောက က နာမည်ကျော် ပြဇာတ် မင်းသမီးကြီး ဟယ်လင်ဟေး(စ်) Helen Heyes ရဲ့ အကြောင်းကို တော်တော်လေး ကြားဖူးကြပြီးသား ဖြစ်မှာပါ။

သူမဟာ အသက် ( ၂၀ ) အရွယ်မှာ နာမည်ကြီး ပြဇာတ်တစ်ပုဒ်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဦးဆုံး ကပြရတယ်။ ရုပ်ရည်ကလည်းလှ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါင်းဆောင်မင်းသမီးကလည်း ဖြစ်ရပြန်ဆိုတော့ ဟယ်လင်က သူ့ကိုယ်သူ အကျေနပ်ကြီး ကျေနပ်နေတာပေါ့။

သူ အစွမ်းကုန် ကြိုးစားပြီး သရုပ်ဆောင်တယ်။ သူ့စိတ်ကူးအိမ်မက်ထဲမှာတော့ သူ့ရဲ့ အနာဂတ်ခရီးဟာ အရမ်းကို လှပချောမွေ့နေပြီပေါ့။ နာမည်ကြီးမယ်၊ ငွေတွေ သောက်သောက်လဲ ရမယ်….စသဖြင့်ပေါ့ ။ သူ့မှာ ရှိရှိသမျှ အားအင်တွေ၊ အစွမ်းသတ္တိတွေကို ညှစ်ထုတ်ပြီး ကြိုးစားခဲ့တာပါ။

သူ့ပြဇာတ် ပထမညအပြီးမှာ အ၀တ်လဲခန်းထဲကနေ ပြီးတော့ သူ့သရုပ်ဆောင်ချက်ကို ချီးကျူးဂုဏ်ပြုဖို့ လာကြမယ့်သူတွေကို စောင့်မျှော်နေတယ် ။

ဒါပေမယ့် သူတကယ်ရင်ဆိုင်လိုက်ရတာကတော့ မျှော်လင့်ထားတာ နဲ့ ဆန့်ကျင်ဘက်။ အမျိုးမျိုး ရှုတ်ချကြတယ် ။ ကဲ့ရဲ့ဝေဖန်ကြတယ် ။

``ကိုယ် သရုပ်ဆောင်ရမယ့် Character ကို မပိုင်နိုင်ဘူး´´

``သဘာဝ မကျဘူး ´´

``ကိုယ့် ကိုယ် ကိုယ် အလှပြ တာ များလွန်းနေတယ်´´….

စသဖြင့်ပေါ့ ။

အဲဒီမှာ အဆိုးဆုံးဝေဖန်ချက် တစ်ခုကတော့…….

``ဒီလို အရည်အချင်းမျိုး နဲ့ နာမည်ကျော် ပြဇာတ်မင်းသမီး ကောင်း တစ်ယောက် ဖြစ်မလာနိုင်ဘူး´´

ဟယ်လင်ဟာ အရမ်းကို တုန်လှုပ်သွားတယ် ။ ရှက်လည်းရှက်သွားတယ်။ သူ့ကိုယ်သူ သေးသေးကလေးဖြစ်သွားသလို ခံစားလိုက်ရတာ ။ ဇာတ်စင်ကို ကျောခိုင်းပြီး ပြဇာတ်လောကကို စွန့်ခွာ ထွက်ပြေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ် ။ သူအ ရှုံးပေးပြီလေ ။ ထွက်ပြေးတော့မယ် ။

ဒါပေမဲ့ အဲဒီမှာ ဟယ်လင်ရဲ့အမေ က အဖိုးတန်တဲ့စကား တစ်ခွန်း လက်ဆောင်ပေးခဲ့ပါတယ်။

``သမီး…လက်တွေ့ အခြေအနေကို ရှောင်နေလို့မရဘူး ´´

ဟယ်လင်ဟာ သတ္တိမွေးပြီး ရဲရဲ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ် ။ အဲဒီမှာ သူ့ကို ဝေဖန်တဲ့ ဝေဖန်ချက်တွေဟာ အမှန်တွေ ချည်းပဲလို့ လက်ခံလာနိုင်တယ် ။ သူဟာ သရုပ်ဆောင်ပညာကို အစကနေ ပြန်လေ့လာသင်ယူပြီး ကြိုးစားတော့တာပဲ ။ ဒုက္ခတွေကို ခါးစည်းခံပြီး လို့ (၄) နှစ်အကြာ မှာ သူဟာ ကမ္ဘာကျော် ပြဇာတ် မင်းသမီး တကယ်ဖြစ်လာတော့ တာပါပဲ ။

ကျွန်တော်တို့ရော ဒုက္ခကို ဘယ်လိုရင်ဆိုင်နေကြပါသလဲ ။ ရှောင်ပြေးနေသလား ။ ရဲရဲရင်ဆိုင်နေကြသလား ။ ရှောင်ပြေးနေကြသေးတယ် ဆိုရင်တော့ `ကလေးအတွေး´ပဲရှိသေးတယ်လို့ ပြောရမလို ဖြစ်နေပါတယ် ။


ဆက်ဖတ်ရန်...

မင်းခိုက်စိုးစံရဲ့ ကလေးအတွေးများ ( ၁ )


ကျွန်တော်တို့ လူကြီးတွေဟာ ကလေးတွေထက် အသိဥာဏ်ပိုမြင့်မားတယ်………လို့ (ယေဘုယျအားဖြင့်……..ပေါ့) ယူဆထားကြပါတယ်။
ကလေးတွေရဲ့ အပြုအမူအပြောအဆိုတွေနဲ့ အတွေးတွေဟာ လူကြီးတစ်ယောက်ရဲ့အမြင်နဲ့ ကြည့်လိုက်တဲ့အခါ ရယ်စရာကောင်းနေတာမျိုး မကြာခဏ ကြုံရတတ်တယ် မဟုတ်လား။
ကလေးတွေ ရဲ့ ကမောက်ကမ ဖြစ်မှုတွေ၊အလွဲလွဲအချော်ချော် စိတ်ကူးတွေကိုကြည့်ပြီး ကျွန်တော်တို့ရယ်ရင်းမောရင်းနဲ့ `ကလေးဆိုတော့ ဒီလောက်ပဲ အသိဥာဏ်ရှိမှာပေါ့………´လို့ ခွင့်လွတ်လိုက်ကြတယ်။ ကျွန်တော်တို့အတွက်တော့ သူတို့လေးတွေရဲ့ အတွေးအခေါ်ဟာ ရယ်စရာပါပဲ။ကျွန်တော် တစ်ခုစဉ်းစားမိပါတယ်။ ဟောဒီ စကြ၀ဠာကြီးထဲမှာ ကျွန်တော်တို့ လူသားတွေထက်အသိဥာဏ်ပိုမြင့်မားတဲ့ သက်ရှိသတ္တ၀ါတစ်မျိုးမျိုး ရှိနေတယ်ဆိုပါစို့။

နောက်ပြီး( ကျွန်တော်တို့က သူတို့ကို မမြင်ရဘဲ) သူတို့က ကျွန်တော်တို့ ကမ္ဘာ့လူသားတွေရဲ့ အပြုအမူ အတွေးအခေါ်တွေကို စောင့်ကြည့်နေကြတယ်ဆိုပါစို့……..။

သူတို့က ကျွန်တော်တို့ရဲ့ အသိဥာဏ်ကို ` ကလေးအတွေး´ တွေဆိုပြီး ရယ်မောနေကြပေလိမ့်မယ်။

(၃)

ကလေးနှစ်ယောက် ဆရာဝန်ထံရောက်လာသည်။

ဆရာဝန်က`ဘာဖြစ်လို့လဲ သားတို့´ ဟုမေးသောအခါ ကလေးငယ်တစ်ယောက်က………

`ကျွန်တော် ဆယ်ပြားစေ့ကို မျိုချလိုက်တယ်ခင်ဗျ´

ထိုဆရာဝန် က ဘေးမှပါလာသော အခြားကလေးငယ်ကို ကြည့်လိုက်သည်။ ထိုကလေးက အော်ဟစ်ငိုရှိုက်နေသည်။

`နေစမ်းပါဦး………မင်းရော ဘာဖြစ်လို့ ငိုနေရတာလဲ´

ကျန်ကလေးငယ်က ရှိုက်သံကြားမှ ဖြေသည်။

`သူမျိုချလိုက်တဲ့ ပိုက်ဆံက ကျွန်တော်ပိုက်ဆံခင်ဗျ´

ကျွန်တော်တို့ လူကြီးတွေရော ဘာထူးလို့လဲ….ဟု ကျွန်တော်တွေးမိသည်။

သူတစ်ပါး၏ ဒုက္ခကို စာနာဖို့ထက်`ကိုယ့်ပိုင်ဆိုင်မှု့ဆုံးရှုံးနစ်နာခြင်း´ ကိုသာ ပို၍ အဓိက ကျသည်ဟုအောင်းမေ့တတ်ကြသည် မဟုတ်ဘူးလား။

`တိုက်တန်းနစ် သင်္ဘောကြီးနစ် မြုပ်ပြီး လူပေါင်းများစွာ သေဆုံးသွားရသည် ဟူသောသတင်း ကို ကြားရသည့်အခါ ကျွန်တော် ထွေထွေထူးထူး မခံစားရပါ။ ၀မ်းမနည်းမိပါ။အဘယ်ကြောင့် ဆိုသော် ထိုအချိန်တွင် ကျွန်တော် ခေါင်းကိုက်နေသောကြောင့် ဖြစ်ပါသည်`။

ဟူသော စာသားတစ်ပိုင်းတစ်စကို ကျွန်တော် ဖတ်ရဖူးပါသည်။ သည့်အတွက် ကျွန်တော် ထူးခြားပြီး မအံ့သြမိတော့ပါ။

`လူဆိုသည်မှာ `ကိုယ့်ဒုက္ခသာလျှင် အကြီးကျယ်ဆုံး´ဟု သဘောထားတတ်ကြသူများဖြစ်၏။

အရေးကြီးသော လူနာတစ်ယောက်ကို မြောက်ဥက္ကလာ ဆေးရုံကြီးသို့ပို့ရန် တက္ကစီဒရိုင်ဘာက ညဉ့်နက်နေုပြီ ဟုပြောကာ ၄၀၀၀ကျပ် တောင်းသည်။

`လျှော့ပါဦးလားဗျာ….လူနာက..´

ကျွန်တော်စကားကို ဆုံးအောင် ပြောခွင့်မရလိုက်ပါ။ ကားဆရာက ဒေါသတကြီး မောင်းထွက်သွား၏။

`သူ့ ဆယ်ပြားစေ့ ကို ကျွန်တော် မျိုချခဲ့မိပ်ါသလား´

သူ့အတွက်တော့ လူတစ်ယောက်၏ အသက်ထက် ငွေ ၄၀၀၀ကျပ် ကပို၍ အရေးကြီးနေပေလိမ့်မည်။

ကျွန်တော် သူ့ကို စိတ်မဆိုးမိပါ။

ရယ်သာ ရယ်မောနေချင်ပါတော့သည်။

ကျွန်တော် တို့သည်( အကယ်စစ်စစ် ) ကလေးများသာ ဖြစ်ကြပါသည်။

မှတ်ချက်။ ။ကျွန်တော်၏ ပတ်ဝန်းကျင်တွင် တွေ့နေရသော တစ်ချို့သော ကလေးဆန်သူများအတွက်

ဆက်ဖတ်ရန်...

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။