ကျောက်သင်ပုန်းကနေ ကွန်ပျူတာကိုဖတ်ဖို့
အဖေက
ငါ့ကို တစ်နယ်တစ်ကျေးမှာ စာသင်လွှတ်တယ်။
“ အဲဒီမှာ ခေတ်ကိုဝယ်ခဲ့
လိုသမျှငွေ
အဖေ့ပုခုံးပေါ်ကနေ ဖြုတ်ချပေးမယ်တဲ့”
ဘယ်မှာရနိုင်မလဲ
ခုလို
အဖေ့ပုဆိုးပြဲ ငါအထည်လဲ ၀တ်နေရတဲ့ တစ်နယ်တစ်ကျေး
ဒါတောင်
ငါက အထီးကျန်လွန်းသလေး နေပူလွန်းသလေးနဲ့
အားဖြစ်မလာမယ့် သံစဉ်ကို ရှာရှာတီးမိတယ်။
အဖေကတော့
နွေရုပ်ရှင်ထဲမှာ ကျောကုန်းတပြောင်ပြောင်နဲ့
ဇာတ်ပို့ သရုပ်ဆောင်ကြီး လုံးလုံးဖြစ်လို့
ဒီကြားထဲ
ငါပျင်းပျင်းနဲ့ ရေးဖြစ်လိုက်တဲ့ စာကလေးတစ်စောင်
အဖေ့မှာ ပေါက်နေသော အောင်ဘာလေမဲ
ဘယ်မှာရနိုင်မလဲ
ခုလို
ငါ့လက်မှာ ပေါက်ချင်နေတဲ့ ခူနာကို အာခံတွင်းထဲ ငုံထားမယ့် စမ်းရေမျိုး
ဒါတောင် ငါက
ဘယ်ပုခုံး ညာပုခုံး အဖေမောင်းတင်ထားရကြောင်း မလေ့လာမိဘူး။
အဖေ့မှာ သွေးတိုးမကင်းကြောင်း မသိဘူး။
အဖေ့စာထဲမှာလည်း မပါဘူး။
ကျောင်းပိတ်ရက် ငါအိမ်ပြန်တော့မှ
အဖေ့ခမျာ
သူအသက် နှစ်ပြန်အိုမင်းသွားကြောင်း တွေ့လိုက်ရတယ်။
အဲဒီမှာ
ငါ့ကို ရီရီဝေေ၀ ကြည့်နေတဲ့မျက်ဝန်း
မျက်ကွင်းလေးနှစ်ခုဟာ အတွင်းထဲ ချိုင့်ဝင်လို့ကွာ။
မှတ်ချက် ။ ။ သူငယ်ချင်း မောင်ပြည်အေး (ချောက္ကံ) ရဲ့ .. ကွန်ပျူတာကျောင်းသား ဘ၀ ကရေးခဲ့တဲ့ ကဗျာလေးပါ ... ... သူငယ်ချင်း Villager ရဲ့ Blog မှာလဲ တင်ထားပါတယ် ။ တစ်ဆောင်တည်း နေခဲ့တဲ့ ဘ၀တူ တွေ လေ . . . . . . .