ကိုမင်းလူ ၏ ဘာမှမဟုတ်ဘူး

ရုပ်မြင်သံကြားမှ ဘောလုံးပွဲ အစီအစဉ်များကြားတွင် လာတတ်သော စီးကရက်ကြော်ငြာတစ်ခုထဲတွင် လမ်းပေါ်က ရေအိုင်ကို မော်တော်ကားဖြတ်မောင်းသွားသောအခါ ဘေးမှ လျှောက်သွားသော မိန်းကလေးတစ်ယောက်ကို ရေတွေ စင်သွားသည်။ ရုပ်မြင်သံကြားထဲမှာတော့ အတော်လှပသည့် မြင်ကွင်းကလေးဖြစ်သည်။


တကယ့်အမြင်မှာတော့ ရေတွေဖွာကနဲ လွင့်စင်သွားပုံက လှပသော်လည်း မြင်ကွင်းက မလှပါ။ ကားမှတ်တိုင်မှ စောင့်နေသူတွေ ရေကိုရှောင်ရင်း ရုတ်ရုတ်သဲသဲ ဖရိုဖရဲဖြစ်သွားကာ၊ လမ်းဘေးမှာလျှောက်လာသော ကျောင်းဆရာမ တစ်ယောက်၏ အကျီင်္အဖြူမှာ ရွံ့ရေစက်တွေ စင်ကုန်တာ ၊ကျောင်းသူလေးတစ်ယောက် ရေစင်မှာစိုးလို့ ရှောင်တိမ်းရင်း ချော်လဲတာ စသည့်မြင်ကွင်းများသည် တွေ့ဖန်များလို့ ရိုးတောင်နေပြီ။


တစ်ခါက ကျွန်တော်မြင်လိုက်ရသော မြင်ကွင်းကတော့ ပုံမှန်ထဲကတစ်ခုဖြစ်သည့်တိုင် ၀မ်းနည်းစရာ ကောင်းသည်ဟု ထင်မိ၏ ။ ဆလွန်းကားအသစ်တစ်စီးသည် တလှစ်လှစ်မောင်းလာသည်။ ရှေ့က ကားတစ်စင်းကို ဟွန်းသံတတီတီပေးပြီး လမ်းတောင်းသည်။ ရှေ့ကားက ဖယ်မပေး။ ထိုအခါ ဆလွန်းကားလေးက လမ်း၏ညာစွန်ယာဉ်ကြောမှ မရရအောင်ကျော်တက်သည်။ မိုးရွာပြီးစ ဖြစ်သဖြင့် ပလက်ဖောင်းနှင့်ကပ်လျက် လမ်းပေါ်တွင် ရေတွေအိုင်ထွန်းနေသည်။ အရှိန်ပြင်းစွာ ဖြတ်မောင်းသဖြင့် ရေများသည် မော်တော်ကား ဦးပိုင်းမှ ဖြာထွက်သလို လှပစွာ လွင့်စင်သည်။


ကားမောင်းသူမှာ ချောမောလှပသော အမျိုးသမီးတစ်ဦး ဖြစ်၏။သူသည် ယောင်္ကျားနဲ့ စိတ်ဆိုးလာသလား ။ ချစ်သူနှင့် ချိန်းထားတာနောက်ကျ နေလို့ အလျင်လိုနေတာလား မသိ။ ကားကို နည်းနည်းမှ အရှိန်မလျှော့ဘဲ ဆက်မောင်းသွားသည်။ နောက်မှာ ဘာဖြစ်ကျန်ခဲ့သည်ဆိုတာကိုလည်း အမှတ်ထားဟန်မတူ။ ဖြစ်ပုံကတော့ ရေအိုင်ကို အတင်းဖြတ်မောင်းသဖြင့် ဖွားကနဲ ထွက်လာသော ရွံ့ရေများသည် ပလက်ဖောင်းပေါ်မှ လျှောက်လာသော သီလရှင်တစ်ပါးကို ရွှဲရွှဲစိုသွားစေခြင်းပင် ဖြစ်သည်။စောစောက ဆလွန်းကားအသစ်ကလေးသည် သိန်းရာချီ တန်လိမ့်မည်ဟု ခန့်မှန်းမိ၏။


ညက စာရေးနေတုန်း ရုတ်တရက် မီးပျက်သွားသဖြင့် အရေးပေါ်မီးအိမ်ရှာရန် အိမ်ရှေ့သို့ ထွက်လာခဲ့သည်။ မှောင်ကြီးမည်းကြီးမို့ ကုလားထိုင်တစ်လုံးကို မမြင်ဘဲ ၀င်တိုက်မိ၏ ။ ဒူးခေါင်း နည်းနည်းနာသွားသော်လည်း သိပ်မဖြစ်လောက်ဘူးဆိုပြီး အမှတ်တမဲ့ နေလိုက်သည်။ မနက်ကျတော့ ဒူးက နည်းနည်းယောင်လာ၏ ။ အရွတ်နေရာကို ခုံစောင်းနှင့်ထိမိပြီး ဒဏ်ဖြစ်သွားဟန်တူသည်။ ခြေထောက်ကွေးလိုက်လျှင် တင်းပြီးနာနေသည်။ ညနေဘက် ပုံမှန်လမ်းလျှောက်ချိန်ရောက်လာတော့ ဒီနေ့ နားလိုက်လျှင်ကောင်းမလား၊ ခြေထောက် လမ်းမလျှောက်နိုင်လောက်အောင် နာနေတာတော့မဟုတ်၊ဖြေးဖြေး ထိန်းလျှောက်လို့ ရသည်။ ပြီးတော့ လိမ်းဆေး တခုခုလည်းဝယ်ချင်သည်။ ထို့ကြောင့် လမ်းလျှောက်ထွက်လာ ခဲ့သည်။


လမ်းမှာပင် ကားတစ်စင်းပျက်နေတာတွေ့သည်။ စက်နှိုးမရခြင်း ဖြစ်သည်။စတတ်တာ မော်တာမွှေ့သံကို ခပ်လှမ်းလှမ်းကပင် ကြားရသည်။ အသံဝပ်နေသဖြင့် မော်တာပင်ကပ်နေသလား၊ဘက်ထရီပဲအားနဲနေသလား။ ဒါမျိုးဖြစ်လျှင် စက်နိုးဖို့ တစ်နည်းပဲရှိ၏ ။

``ဒီမှာ ……….ဒီမှာ ´´ ကားနားက အဖြတ်တွင် ကားမောင်းသူက လှမ်းခေါ်သည်။ကျွန်တော် ရပ်လိုက်၏။ ``ကားနည်းနည်းလောက် တွန်းပေးပါလားဗျာ၊ဘီးလိမ့်ရုံဆို နိုးနိုင်ပါတယ်´´
ဒါတော့ မဖြစ်နိုင်။ ကျွန်တော် ဒူးခေါင်းက ဖြေးဖြေးလျှောက်ရုံလောက်သာရမည်။ ကားတွန်းတယ်ဆိုတာက အားစိုက်ပြီး ခြေကန်တွန်းရမှာဆိုတော့
``ဆောရီးပဲဗျာ…..ကျွန်တော်ခြေထောက် နာနေလို့ပါ´´

ကားမောင်းသူ၏မျက်နှာထားမှာ ရုတ်တရက်ပြောင်းလဲသွားသည်။ စောစောကလို အောက်ကျို့ အကူအညီ တောင်းတာမျိုး မဟုတ်တော့။ကျွန်တော်ခြေထောက်များကို မသင်္ကာသလို ကြည့်သည်။ ခြေထောက်နာနေတယ်ဆိုပြီး လမ်းလျှောက်နိုင်သလား ဆိုသော အမူအရာမျိုး၊ကျွန်တော်အနေဖြင့် အမှန်တကယ် ခြေထောက်နာနေခြင်းဖြစ်ကြောင်း ယောင်နေသောဒူးခေါင်းကို သက်သေခံအဖြစ် လှန်ပြစရာမလိုသဖြင့် သူ့ကို အားနာပြုံးပြုံးပြ ပြီး ဆက်လျှောက်လာခဲ့၏။နောက်ဘက်မှ တောက်ခေါက်သံ လိုလိုကြားရသည် ။သူသည် ကျွန်တော့်ကို လူမှုရေးမသိတတ်သူ တဖက်သားကို ကူညီရိုင်းပင်းလိုစိတ် ခေါင်းပါးသူဟု ထင်သွားသည်မှာသေချာသည်။


ထိုစဉ်မှာ ကျွန်တော်ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။ ထိုသူသည် နေ့စဉ်နှင့်အမျှ မော်တော်ကားနှင့် သွားလာနေခဲ့လိမ့်မည်။ လမ်းတလျှောက်တွင် တုန်ချိ တုန်ချိလျှောက်သွားနေသော သက်ကြီးရွယ်အိုများ၊ ကားမှတ်တိုင်တွင် နွမ်းလျစွာ ရပ်ရင်းကားစောင့်နေသော ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ကျောင်းမမှီမှာစိုး၍ ဘတ်စ်ကားလားရာဘက်ကို လည်တဆန့်ဆန့် မျှော်နေသော ကလေးငယ်များကို မြင်မိမှာ သေချာသည်။ ထိုသူများကို လူမူရေး၊အသိစိတ်ဓ်ါတ်ဖြင့် သူ့ကားပေါ်ခေါ်တင်သွားတာမျိုး တစ်ခါမှရှိခဲ့ဖူးမည် မထင်ပါ။ ထိုသူများကလည်း သူ့ကို အပြစ်တင် ရှုံချသော မျက်လုံးများဖြင့် တစ်ခါမျှ ကြည့်ဖူးခဲ့လိမ့်မည် မဟုတ်ပါ။


တစ်ယောက်ယောက်က လမ်းမသိလို့ ၊အိမ်မသိလို့ မေးသဖြင့် လမ်းညွှန်လိုက်ရတာမျိုး တစ်ခါမဟုတ်တစ်ခါ ကြုံဖူးကြလိမ့်မည်။ မြန်မာလူမျိုးဆိုတာကလည်း ဒီလိုကူညီတာမျိုးကို သိပ်ဝါသနာပါတတ်သည်။ တချို့ဆို လမ်းညွှန်ရုံသာမက လာ ကျွန်တော်လိုက်ပြမယ်ဆိုပြီး အိမ်တိုင်ယာရောက် လိုက်ပို့သည်။ ဒါတွင်မက ``ဘယ်သူရေ ဧည့်သည်လာတယ်ဟေ့ ´´ဟု လူကိုပါခေါ်ပေးတတ်သည်။ ဒါကြောင့်လည်း ကမ္ဘာလှည့်ခရီးသည်တွေက မြန်မာပြည်ရောက်လျှင် မြေပုံမပါရင်တောင် လမ်းမှာမပူရဘူးဟု ချီးကျူးလေ့ရှိ ကြခြင်းဖြစ်သည်။

ကျွန်တော်လည်း မြန်မာပီပီ ဒါမျိုးကို ၀မ်းမြောက်ဝမ်းသာ ကူညီတတ်သူဖြစ်သည်။ လမ်းညွှန်ရာတွင်လည်း ကွမ်းယာဆိုင်ဘေးကအိမ်ပဲ၊အိမ်ရှေ့မှာ ဘာပင်ရှိတယ်ဆိုတာမျိုး အသေးစိတ်တိတိကျကျ ပြောတတ်ပါသည်။

သို့ရာတွင် တစ်ခါတလေတော့ ကသိကအောင့် ဖြစ်ရတာမျိုး ကြုံရတတ်သည်။ အထူးသဖြင့် ကားနှင့်လာသူများဖြစ်၏။ သူတို့က လမ်းမသိလို့ မေးတဲ့အခါ ကားပေါ်ကမဆင်းဘဲ မေးတတ်ကြတာများသည် ကိုယ့်ဘေးမှာ ကားလာရပ်ပြီး မေးတာမျိုး လှမ်းအော်ပြောလို့ ကြားနိုင်တဲ့ အကွာအဝေးမျိုးဆိုလျှင် ကိစ္စမရှိ။ တခါတလေကျတော့ ကိုယ်ကလက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း လမ်းပေါ်ကနေ ကားရပ်ပြီး လှမ်းမေးသည်။ တချို့ပုဂ္ဂိုလ်တွေ ကျတော့ ကားပေါ်ကဆင်းရလျှင် သိက္ခာကျတယ်ထင်သလားမသိ။ လှမ်းပြီးလက်ယပ် ခေါ်တတ်သည်။ ကူညီလမ်းညွှန်ပေးရမယ့် လူကပဲ သူဆီမျက်နှာလို မျက်နှာရ ပြေးသွားရမည့် အပေါက်မျိုး။

ထိုအခါမျိုးတွင် ကျွန်တော်ကလည်း ``ခင်ဗျားဆင်းလာခဲ့ပါလား´´ဆိုသောသဘောဖြင့် ပြန်ပြီးလက်ယပ် ခေါ်လိုက်သည်။ အများစုကတော့ သူတို့အမှတ်တမဲ့ဖြစ်သွားတာကို သတိရပြီး အားတုံ့အားနာ မျက်နှာဖြင့် ဆင်းလာတတ်သည်။ တစ်ယောက်တလေကတော့ ခပ်စိမ်းစိမ်းကြည့်ပြီး မောင်းထွက်သွားတတ်ကြ၏။

တစ်ညနေမှာတော့ ကျွန်တော်လမ်းလျှောက်ထွက်စဉ်ဘေးမှာ ကားတစ်စီးထိုးရပ်လာသည်။ ဒရိုင်ဘာက လမ်းနာမည်တစ်ခုကိုမေးသည်။ ကျွန်တော်တို့ဘက်မှာ ဒီလမ်းနာမည်မျိုးမရှိ။တခါတရံ ရပ်ကွက် နံမည်ချင်း ခပ်ဆင်ဆင် ဖြစ်နေသဖြင့် မှားပြီးလာမေးတတ်တာမျိုးရှိ၏ ။ ရပ်ကွက်သေချာအောင်
မေးမည်အပြုမှာပင်နောက်ခုံမှာ ထိုင်နေသော မိန်းမကြီးတစ်ယောက်၏ ဖွေးဖွေးဖြူသောမျက်နှာ သည် ကားပြူတင်းမှာ ကိုယ်ထင်ပြလာပြီး

``ဆရာကြီးအိမ်လေ ၊ ဆရာကြီးအိမ်´´ သူ့မျက်နှာအမူအရာမှာ ခုလို ပြောလိုက်ရတာကို တော်တော် အရသာတွေ့နေပုံရ၏ ။ ထို့ကြောင့် ကျွန်တော်လည်း

``အော် ..ဆရာကြီးအိမ်လား၊ဒီကနေ တည့်တည့်သွားပြီး ညာဘက်ချိုးလိုက်၊ ဓမ္မာရုံတွေ့လိမ့်မယ်။ အဲဒီနားကျတော့ နိဗ္ဗာန်ဆော်ကြီး အဘနန်းအိမ် ဘယ်အိမ်လဲလို့ မေးကြည့်၊ လူတိုင်းသိပါတယ်´´ဟု ပြန်ပြောလိုက်သည်။ မိန်းမကြီး၏ မျက်နှာသည် တစ်မျိုးပြောင်းသွားပြီ ။

``အဲဒီ ဆရာကြီးမျိုးကို ပြောတာမဟုတ်ဘူး´´

ဟု ခပ်ဆတ်ဆတ်ပြောသည် ။ ထို့နောက ``မောင်းတော့ ၊မောင်းတော့´´

ဟု အမိန့်ပေးလိုက်၏ ။ကားဒရိုက်ဘာလည်း ကားကိုဆောင့်ကြီးအောင့်ကြီး မောင်းထွက်သွားသည်။ ကားနောက်ခန်းထဲမှာတော့ ရွှေရောင်ငွေရောင် ပန်းပွားတွေ ရစ်ပတ်ထားသော လက်ဆောင်ခြင်းကြီး တစ်လုံး ၊နံမည်ကြီးကုန်တိုက် တံဆိပ်ပါသော ဆွဲအိပ်တွေသုံးလေးလုံး နှင့် လှိုင်းတွန့်ပုံစက္ကူပုံးကြီး တစ်လုံးတို့ကို လှမ်းမြင်လိုက်ရ၏ ။

ကျွန်တော်ပြောလိုက်တာ ဘာများမှားလို့လဲ ။ အဘနန်းဆိုတာ အသက်ကိုးဆယ့်ခြောက်နှစ်ရှိပြီ။
ဒီရပ်ကွက်ထဲမှာ သူ့ထက်ကြီးတဲ့ ဆရာကြီးရယ်လို့ ရှိမှမရှိတာပဲလေ ။


ကျွန်တော် မအားလပ်တဲ့အချိန်တွေ မှာ လာလည်ကြသူများ အတွကကိုမင်းလူ ရေးတဲ့ ``ဘာမှမဟုတ်ဘူး´´ ဆိုတဲ့ ရသစုံစာပေလေး ကို ဝေငှလိုက်ပါတယ်။ ကျေနပ်ပါနော်........

4 comments:

    ကို မင်း လူ ၀တ္တု လေး တွေ က ရီ စ ရာ လေး တွေ နဲ့ခေတ် ကို သရော် ထား တဲ. အရေးအသားတွေ များ တယ်နော်။ ကျွန်တော့် အကြိုက်ထဲမှာလည်း
    ကိုမင်းလူပါတယ်။

     

    အလည်လာသွားပါတယ်။
    ဆရာမင်းလူရဲ့စာလေးဝေမျှပေးတာကျေးဇူးတင်ပါတယ်။

     

    သဘောကျတယ်..ဒီပို့စ်လေးတင်ပေးတာကို
    ကျေးဇူးပါနော်

     

    စမိုင်းမေ သူငယ်ချင်း ကားနောက်ခန်းမှာစီးတော့ သူငယ်ချင်းနဲ့ အချင်ချင်း ရယ်စရာပြောပြီးရယ်နေတာ အဲ့ဒီအချိန်မှာ ကားတစ်စီက ဘေးကနေ ဖြတ်မောင်းသွားတာသူ၇ယ်နေတဲ့အချိန်ဆိုတော့ ပါစပ်ထဲကို ရေတွေ အလုံးအရင် ၀င်ကုန်တာပေါ့ စိတ်တိုပြီး ပြန်အော်တဲ့အချိန်မှာ နောက်ထပ် ကားတစ်စီးကာ ပြန်ဖြတ်မောင်းသွားတော့ ပြန်ဝင်ပြန်ရော ကားသမားတွေ သိလိုက်မှာမဟုတ်ဘူးထင်တယ်နော်။

     

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။