အိမ်အပြန်

ကျွန်တော့် ခံနိုင်ရည် ကို .
ဘယ် အချိန်ထိ ..
စမ်းသပ် နိုင်မှာလဲ .....

အပြုံးရိုင်း မုန်တိုင်းဆင် ...
ခြေထောက် အညစ်တွေနဲ့
ဖြတ်သန်း သွားလိုက်ကြတာ ..
ကျွန်တော့် ရင်ဘတ်တစ်ခုလုံး ..
မဲညစ် ပေရေလို့ .....

မြို့ပြရဲ့ အတ္တဆန်မှုက
ငွေကြေးဆန်မှု ထက်
အရောင်လက်တယ် .....

သက်လုံကောင်းကောင်း
ဆန်ခဲ့ကြ
သေတဲ့ငါး
စုန်သွားလေရဲ့ ..... ***

ခုတော့
ကျေးလက် က အမေ့ရင်ခွင်ဆီ
ကျွန်တော်လည်း စုန်ဆင်းသွားလေရဲ့ ….။


*** အပိုဒ်က ကျွန်တော်မြို့သူငယ်ချင်းရဲ့ ကဗျာ အပိုဒ်လေးပါ။

April တုန်းက အမေရင်ခွင်ဆီ ပြန်တုန်း ကျန်ခဲ့တဲ့ သူငယ်ချင်းကူရေးတဲ့ ကဗျာလေးပါ ... သူ့အတွက်အမှတ်တရပါ။

ဆက်ဖတ်ရန်...

အလွမ်းယောင်ဆောင်တဲ့ တိမ်တိုက်

နှင်းဖြူနုတွေ လွှမ်းခြုံတဲ့
ငါ့ …. ယုံကြည်ရာ တိမ်တိုက်
နင့် လွင့်မျှောရာ ပြာလဲ့ကောင်းကင်
နေညိုချိန် တွေ မကုန်စေချင်ခဲ့ဘူး

မှိန်ဖျော့ရာသီ ညနေရီအောက်
ငါ မပိုင်တဲ့ နင့်ဆီက
ကျန်ခဲ့ခြင်း ကို ကြိုတွေးပေမယ့်
နင့်ခြေသံတွေ တိတ်ဆိတ်လွန်းတယ်

တည်မှီရာ စိတ်အလွမ်း
လေနုအေး အဝှေ့မှာတောင်
တဖျက်ဖျက်ခုန်တဲ့ ရင်အခန်း
နင် ထွက်သွားရာ အပြန်လမ်းဆီက
ရွက်ဝါကြွေပေါ် ဖြတ်မလျှောက်ရက်ဘူး

နင့် ခြေရာ အကြွင်းတွေ ပေကျံနေတဲ့
ဗလာ မဟုတ်တဲ့ ရင်ထဲက
မျက်ရည်စ တစ်ချို့တစ်ဝက်ကို
နင် သတိမှ ရ မိ ရဲ့ လား

ခုတော့
ငါ မပါတဲ့ လွမ်းတတ်ရာတိမ်တိုက်
နင် ပျံသန်းရာကောင်းကင်
အနောက်တောင်ဆီက မိုးတော့
မညို့လောက်ဘူးထင်ရဲ့ ။ ….။

ဆက်ဖတ်ရန်...

မွေးနေ့မှာ.........

ကျွန်တော့်ရဲ့မွေးနေ့ မှာ ကျွန်တော်သူငယ်ချင်းများအတွက် ထူးအိမ်သင်…ရဲ့ မေမေချစ်တဲ့သားကြီး ဆိုတဲ့သီချင်းလေးကို အမှတ်တရလက်ဆောင် ပေးချင်ပါတယ်။
ဒီသီချင်းလေးကို အားလုံး နှစ်သက်ကြမှာ ပါ…………………….။
ကျွန်တော့်မေမေကို ကျေးဇူုးမဆပ်နိုင်သေးခင် ….အမှတ်တရ အနေနဲ့ လူ့လောကအလည်ကို ပို့ဆောင်ပေးခဲ့တဲ့ မေမေကို ဒီသီချင်းလေးနဲ့ မွေးနေ့မှာ…….ကန်တော့လိုက်ပါတယ်…………..။


မေမေချစ်တဲ့သားကြီး
ဆို...ထူးအိမ်သင်

မေမေ.....ရွှေရောင်နှလုံးသား………ချစ်ခြင်းမေတ္တာစုစည်းကာ…..

စီးဆင်းမြဲ ….အဆိုးအကောင်းလား….သားတို့အပေါ်မရွေးဘူး…..
မလိုချင်နေ….မယူချင်နေ…..မိုးများလို ..ရွာသွန်းမြဲ……
အို…………အားလုံးချစ်တဲ့ ကြည်အေးတဲ့အချစ်….ဝေ ....စီးခဲ့လေတယ်…။

(မေမေချစ်တဲ့သားကြီး…….အဝေးဆီရောက်နေပြီ
အချစ်များနဲ့  ရည်စူးတဲ့စိတ်…..အမြဲတမ်း ဦးညွှတ်ပြီး…..
အို…….မေမေစိတ်ချမ်းသာကြောင်း….ရင်မှာတောင်းဆုချွေသောအချစ်….
မေမေချစ်တဲ့..သားကြီး…
သီချင်း ( တွေ ) ဖွဲ့လေပြီ………။)**

အို.မွေးအမေ….ဒီသီချင်းလေး…..အချစ်ဆုံးပန်းကိုပန်ခဲ့ပြီး
ပြုမိသော….သားတို့အဆိုး….ခွင့်လွတ်ပါမေမေ…
မပြေနိုင်သော….ဆပ်မကုန်နိုင်သော….မေမေ့ကျေးဇူးပြန်တွေးပြီး…
ခရီးကြမ်းထက်…လမ်းလျှောက်ရင်း….ကျွန်တော်ဆပ်ခဲ့ပါမယ်……….
( ...)**
အိုး …..ဟိုး ………ဟို……….ချစ်တဲ့အမေ့သားကြီး
သီချင်းတွေ ဖွဲ့လေသည်။

မေမေချစ်တဲ့ သားကြီး သီချင်းလေးကို ဒီမှာ...နားဆင်နိုင်ပါတယ်။

ဆက်ဖတ်ရန်...

ထပ်တူ

သွေ့လျော်ခြောက်ခမ်း
ဘ၀နွမ်းထဲ
ချစ်သူ မခေါ်
တစ်ကိုယ်တည်းပြုံး ပျော်ကြည်နူး
ဘယ်သူပြောမည်နည်း …။


နွမ်းလျမောပန်း
ဘ၀နွမ်းထဲ
ချစ်သူမခေါ်
တစ်ကိုယ်တည်းဆွေး လွမ်းရိပ်ဝေလဲ
ဘယ်သူပြောမည်နည်း။

ဝေးကွာနေလည်း
ကိုယ့်စိတ်ထဲမှာ….
မတွေ့ရလည်း
မြင်ယောင်စဲပါ…
မဆုံနိုင်လည်း
တမ်းတစဲပါ…..

ထပ်တူခံစား
အိပ်မက်များတွင်
မျက်ရည်လွှမ်းသည်
ငိုချင်းရှည်သောနေ့ရက်များ။


ဆက်ဖတ်ရန်...

ဝမ်းနည်းကြေကွဲခြင်း......

လူထုဒေါ်အမာ

လူထုဒေါ်အမာ (အသက်-၉၂ နှစ် )သည် မန္တလေးအထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ယနေ့ နံနက် (၈း၃၀)၌ ကွယ်လွန်ကြောင်း သိရှိရတဲ့အတွက် မိသားစုနဲ့ထပ်တူ ၀မ်းနည်းကြေကွဲ ရပါတယ်။

သတင်းကြားကြားချင်း

``အမေမသေခင် တိုင်းပြည်ပြောင်းလဲသွားတာလေးကို မြင်ချင်တယ်´´

ဆိုတဲ့ အမေရဲ့ ပြောစကားလေးတခွန်းကို ကြားယောင်မိရင်း………………။

July Dream.... Ludu Daw Amar's Birthday.

ဆက်ဖတ်ရန်...

အနက်ရှိုင်းဆုံးဆီသို့.........

တစ်နေ့ ခွဲရမယ်လို့
ဘယ်သူတွေးလဲ ..
နေညိုချိန် အလွမ်းလု ညနေတွေက
တမ်းတ ခြင်းကို အရောင်တင်
အိပ်တန်းပြန်ငှက်တွေ ကို
အဖော်ပြု ..
~~~~
ငိုမျက်ရည်စ တွေ ကို
သူ … မမြင်စေလို ..


မခမ်းနားတဲ့ ရင်
ဟာတာတာ ဗလာခန်းကို
အကြွင်းပြာစတွေ နဲ့..

တိုးတိတ်ရှိုက်သံ ကို ..
အညင်သာဆုံး လျှို့ဝှက် ..
ငိုချင်း ကို ဘယ်သူမြင်ရက်လဲ…။

ဆက်ဖတ်ရန်...

ဗိုလ်ချုပ်အောင်ဆန်းရေးသားသော`ကျောင်းသားဘ၀´



အပိုင်း( ၂ )

ထက်ကောင်းကင် ကြယ်တာရာများသို့ တက်စွမ်းနိုင်စေရမည်။ ရာဇ၀င်သိရုံသာမဟုတ် ရာဇ၀င်ကို ဖန်တည်းနိုင်စေရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ် လောကဓာတ်ပညာကို တိုးချဲ့နိုင်စေရမည်။ ပထ၀ီဝင် ပညာကို သိရုံသာမဟုတ်၊ မြေသစ်၊ ရေသစ်၊ တောတောင်သစ်ကို ရှာဖွေ စူးစမ်းနိုင်စွမ်း ရှိစေရမည်။ လောကအကြောင်းကို နားလည်စေရုံသာမဟုတ်၊သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။

ဤကား ပညာ၏ သရုပ်အကျဉ်းမျှပင်တည်း။
ပညာသည် ကာလဒေသပယောဂနှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်းကျရမည်။ ပညာတွင် သညာလည်းပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်။ ဥာဏ်ကြီးသာ တိုးတက်၍ သညာမရှိပါမူလည်း ဤမျှပိုမိုဆန်းကြယ် အပြောကျယ်လာသော ခေတ်သစ်အကြောင်းကို နားမလည်နိုင်ပေ။လောကဓာတ်ပညာကို မတတ်မသိဘဲ လောကဓာတ်ပညာဥာဏ်ကိုသာ ရလျှင် လောကဓာတ်ပညာ၏တန်ဖိုးကို ဒင်ပြည့်မသုံးနိုင်ပေ။

ဗိုလ်ချုပ်အောင်ဆန်း၏လက်ရေးမူ

တိုင်းပြည် အခြေအနေပြဿနာ ခေတ်၏ အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည်ထောင်ခြင်း၊
ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလွဲမရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။ လူတယောံ၏ သက်တမ်းတွင် အစပထမက သိမြင်လာသော စိတ်နေစိတ်ထားဝါဒတို့သည် အမှန်ချည်းမဟုတ်၊ ပြုပြင်ပြောင်းလွဲရမည်သာတည်း။

ယနေ့အယူအဆနှင့် နက်ဖြန်အယူအဆတို့မှာ တူခြင်မှတူပေမည်၊အမှန်ကား လုတဦး၏ တဘ၀တွင် ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလွဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည် ရှေ့နောံမညီဟု ထင်မှတ် မှားလေသည်။သမာဓိ မတည်ခြင်းမှာ ကိုယ့်ကျင့်တရား၏ ဖောက်လွဲဖောက်ပြန် ဖြစ်ခြင်းပေတည်း။ ဥာဏ်အမြင်၏ ပြောင်းလွဲမှုကြောင့်၊ ၀ါဒပြောင်းလွဲမှုမှာ သမာဓိမတည်ခြင်းမဟုတ်ပေ။ တနည်းတိုးတက်ခြင်းပေတည်း၊ အမှန်အားဖြင့် သမာဓိဆိုသော စကားကို နက်နက်နဲနဲ ဆင်ခြင်လျှင် လောကရှိ လူအပေါင်းတို့မှာ သမာဓိလက်ကိုင်ရကြသူ ရှားပေသည်။

သမာဓိဆိုသည်မှာ လောက၏အကောင်းအဆိုး အကျိုးအပြစ် အဖြစ်အပျက် သနစ်စုံကို ပိုင်းခြားထင်ထင် သိမြင်၍ ဆင်းရဲလည်း ၀မ်းမနဲ ချမ်းသာလည်း ၀မ်းမသာ၊ ပကတိစိတ်ထား ဥာဏ်အမြင်အရ လူခြီးမွမ်း လူကဲ့ရဲ့မှု ဘေးဒုက္ခအန္တရာယ်ကို မထိတ်မလန့် တသမတ်တည်း ရှိခြင်းကို ဆိုပေသည်။

ဘုရားအစရှိသော သူတော်ကောင်းတို့၏ စိတ်တည်နေပုံမျိုးတည်း။ သို့ဖြစ်ရာ သာမန်ကိုယ့်ကျင့် အမူအရာ အပြောအဆို ဘမ်းပြတည်ငြိမ်မှုကို လူအပေါင်းတို့က သမာဓိဟု သာမညပြောစမှတ် ပြုကြလေသည်။ အမှန်စစ်စစ်ကား ထိုဘမ်းပြတည်ငြိမ်မှု နော့တွင် မည်မျှအတွင်း ဖေါက်လွှဲ ဖေါက်ပြန်မှုများ၊ များပြားသည်ကို လူအပေါင်းတို့ မစဉ်းစားမိကြချေ၊

ကျွန်တော်သည် အိနြေ္ဒကြီး၍ မျက်နှာထား အလွန်တည်သူတယောံဟု အသိအမှတ်ပြုခံရလေသည်။ ကျွန်တော်၏ ကိုယ်အမူအရာ စိတ်ထားသရုပ်တို့သည် ဖောက်လွှဲ ဖောက်ပြန်သဘောကို မပြပေ။ သို့သော် အကယ်ပင် ကျွန်တော် သမာဓိရှိ၏လော၊ မည်မျှ သမာဓိတရားကို ပိုင်ဆိုင်ပေသနည်း၊ ကျွန်တော်သာလျှင် အသိဆံုးဖြစ်ပေသည်။

ကျွန်တော်၏ အတွင်းလှုပ်ရှားမှုတို့ကို ဤစာအုပ်ကို ဘတ်ရင်း ဘတ်ရင်း တွေ့မြင်ရပေလိမ့်မည်။ ထို လှုပ်ရှားမှုများကား သမာဓိတရားကို လုံးဝ မပိုင်ဆိုင်သေးခြင်း၏ အမှတ်လက္ခဏာပင်တည်း။ ယ္ခုလည်း ကျွန်တော် သမာဓိတရားကို ပိုင်ဆိုင်ပြီလော၊ လုံးဝမပိုင်ဆိုင်သေးပေ။ ထို့ကြောင့် လုတိုင်း ပိုင်ဆိုင်ခြင်း မရှိသေးသော သမာဓိတရားကို စကားလုပ်၍ မဆိုကြပါနှင့်ဦး၊

လူတယောံ၏ ဥာဏ်အမြင် လှုပ်ရှားပြောင်းလဲမှု၊ ၀ါဒပြောင်းလွဲမှုကို သမာဓိမတည်ဟု တံဆိပ်အရိုက် မစောသင့်ကြပေ။ဥပမာ အားဖြင့် လွန်ခဲ့သောနှစ်များက ဦးအာဒီစ္စ ဆိုသော ကိုယ်တော်အား သူ၏ စာအုပ်တအုပ် ရေးသားမှုအချို့ကြောင့် ၀ိုင်းပယ်ကြ၏ ။ သပိတ်မှောံကြ၏၊ အမှန်ကား သူ၏ ပြောင်းလွဲမှုသည် မှားချင်လည်း မှားပေမည်။ သို့သော်လည်းအမှားမရှိသူမရှိ၊ အမှားသိမှ အမှန်မြင်လေသည်။

အမှားတခါ လုပ်မိလျှင် အမှား လုပ်မိသောအခါ မှန်လာလိမ့်မည်။ သို့သော်လည်း မှားပင်မှားစေ မိမိဥာဏ်အမြင်အလျောံ ပြောင်းလွဲမှုမှာ ရှိအပ်သည်သာတည်း။ လှေနံဒါးထစ် ဆိုသော အလုပ်အပြော အတွေးတို့မှာ ပညာ၏ အဓိပ္ပါယ် ဆန့်ကျင်ဘက်ပေတည်း။ မြတ်စွာဘုရားသ္ခင်သည် သဗ္ဗညုတရွှေဥာဏ်တော်ကို ခြောက်နှစ်တိုင်တိုင် အမှားအမျိုးမျိုးကျော်ခါ ရှာဖွေတွေ့ရှိခဲ့လေသည်။

ထိုဥာဏ်တော် ရှာဖွေရန် စိတ်ပိုင်းဖြတ်သော အစ၌ သိဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓတ္တမင်းသားသည် မိမိဥာဏ်အမြင်အရ
အနုမာန ရမ်းဆ၍ ပြောင်းလွဲမှု ရှိလာလေသည်။ အလှယ်လှယ် အပြောင်းပြောင်း အသောင်းမကသော မောင်းမမိဿခြွေရံ ပရိသတ် တို့နှင့်တကွ နန်းသုံးဆောင်ဝယ် မင်းစည်းစိမ်ကို စွန့်၍ သောင်မမြင် ကမ်းမမြင် ရသေ့ရဟန်း လျှော်တေသင်္ကန်းဝတ် ဘ၀မျိုးသို့ ပြောင်းလွဲမှုသည် သာမန်မျက်စိအားဖြင့် ကြည့်လျှင် ရူးသည် မိုက်သည် ဟု ဆိုရပေမည်။ မင်းစိတ် မင်းဝါဒကို ဆန့်ကျင်သော လောကစိတ် လောက၀ါဒအား ဤသို့ ပြောင်းလွှဲခဲ့လေသည်။
ပြီးပါပြီ။

ဗိုလ်ချုပ်ရေးသားသော ``ကျောင်းသားဘ၀´´ဆောင်းပါးကို ဖတ်ရင်း ဗိုလ်ချုပ်ကို ကြည်ညိုစိတ်များသည် တဖွားဖွားပေါ်ပေါက်မြဲပင်……. ``သူလိုလူ´´ ကား နောက်တစ်ယောက် မရှိနိုင် ဟု ခံစားမိပါသည်။

ဆက်ဖတ်ရန်...

ဗိုလ်ချုပ်အောင်ဆန်းရေးသားသော ကျောင်းသားဘဝ


အပိုင်း (၁ )
ကျွန်တော်၏မိခင် ဘခင် ၂ဦးလုံးမှာ ဥာဏ်ကောင်းသော အမျိုးဖြစ်လေသည်။ ကျွန်တော်၏ဘခင်သည် ရှေ့နေစာမေးပွဲတွင် ဗမာတပြည်လုံး တတိယစွဲခဲ့လေသည်။ကျွန်တော်တို့ ညီအစ်ကိုအားလုံးလည်း ဥာဏ်ကောင်းကြသည်။ သို့သော် ဒုတိယအစ်ကိုကြီးကား စာသင် အထူးပြင်းလှ၍ အခြားညီအစ်ကိုများကဲ့သို့ ပေါက်ပေါက်ရောံရောံ ပညာမတတ်ပေ။

ကျွန်တော်၏ အစ်ကိုများ၊ ၀မ်းကွဲညီအစ်ကိုများ၊ဦးလေးများမှာ..မိမိတို့ဆိုင်ရာ ကျောင်းစာမေးပွဲများတွင် ထိပ်တန်းကျကျ အောင်ကြဘူးသူချည်း ဖြစ်လေသည်။ကျွန်တော်တို့၏ မိဘများသည် ပညာကိုလည်း အထူးလိုလားသည်။ကျွန်တော်၏ အစ်ကိုများကို ငါးနှစ်သားအရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။
ကျွန်တော် တစ်ယောံသာအငယ်ဆုံးဖြစ် ၍ အလိုလိုက်ကာထားသဖြင့် အသက်၈နှစ်ရောက်မှသာလျှင် ကျောင်းစနေရပေသည်။


ကျွန်တော်ကျောင်းနေလာရပုံကို ပြောပြရဦးမည်၊ ကျွန်တော်၏ အထက်အစ်ကို ကိုအောင်သန်းအား အသက်၁၁နှစ်ခန့်တွင် ရှင်ပြုလေသည်။ထိုအခါ ကိုအောင်သန်းမှာ မြန်မာ၆တန်းတွင်ရှိသည်။

ကျွန်တော်၏ အစ်ကိုများကို ငါးနှစ်သားအရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။ကျွန်တော် တစ်ယောံသာအငယ်ဆုံးဖြစ်၍ အလိုလိုက်ကာထားသဖြင့် အသက်၈နှစ်ရောက်မှသာလျှင် ကျောင်းစနေရပေသည်။ကျွန်တော်ကျောင်းနေလာရပုံကို ပြောပြရဦးမည်၊ ကျွန်တော်၏ အထက်အစ်ကို ကိုအောင်သန်းအား အသက်၁၁နှစ်ခန့်တွင်ရှင်ပြုလေသည်။ထိုအခါ ကိုအောင်သန်းမှာ မြန်မာ၆တန်းတွင်ရှိသည်။

ကျွန်တော်မှာ အသက်၈နှစ်ထဲရောံ သော်လည်း ကျောင်းပင် မနေရသေးချေ၊ ရှင်ပြုအခမ်းအနား ကိုအောင်သန်းတို့ ရှင်လောင်းဆင်သောအခါ ကျွန်တော်လည်း ရှင်လောင်းဖြစ်ချင်သဖြင့် မိခင်အား ပူဆာလေသည်။

ထိုအခါ မိခင်က ရှင်လောင်းလုပ်တဲ့သူသည် စာတတ်မှဖြစ်သည်ဟု ပြောပြသဖြင့် ကျောင်းနေပါတော့မည်ဟု ဂတိပေးကာ ထိုတွင်မှ ကျောင်းစနေဖြစ်လေသည်။ မြန်မာကျောင်းတွင် ကျွန်တော် ၆နှစ်မျှနေခဲ့ပေသည်။ ၂တန်းတခါခုံ၍ တက်ခဲ့သည်။ နောံ ရေနံချောင်းမြို့ ၊အမျိုးသားအထက်တန်းကျောင်းတွင် လေးနှစ်နေခဲ့သည်။

တန်းကျော်တက်ခဲ့ရပြန်သဖြင့် လေးနှစ်ဖြင့် ၁၀ တန်းအောင်မြင်လေသည်။ အင်္ဂလိပ် မြန်မာ သတ္တမတန်း စာမေးပွဲတွင် ဗမာတပြည်လုံး န၀မ စွဲခဲ့၍ အထက်တန်း စကေားလားရှစ် ရခဲ့သည်။ဗုဒ္ဓဘာသာကျောင်း များနှင့် အမျိုးသားကျောင်းများတွင် ပထမစွဲခဲ့၍ ဦးရွှေခိုဆု ကို ရရှိခဲ့ဘူးသည်။

နောံ ရန်ကုန်တက္ကသိုလ်တွင် ၆နှစ်ခွဲမျှ နေခဲ့၏။ နိုင်ငံရေး စိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့ကျက်သဖြင့် ဘီအေတန်းအထိ အောင်ရုံသာ အောင်ခဲ့သည်။ ဘီအေအထက်တန်းနှစ်တွင် ကျောင်းသားသပိတ်မှောက် ခေါင်းဆောင်တစ်ဦးဖြစ်၍ အလုပ်ရှုပ်သဖြင့် ဘီအေစာမေးပွဲကို တနှစ်မဖြေဘဲ နေခဲ့ရသည်။ နောံ ဘီအယ်အတန်းကို တက်ခဲ့သည်။

အတန်းလည်းမှန်မှန်မတက်၊စာအုပ်လည်းမရှိ၊မှတ်စုလည်းမထား စာလည်း မကြည့် မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားသဖြင့် ဘီအယ် ပထမနှစ် စာမေးပွဲတွင် ကျရှုံးလေသည်။
ဤကား ကျွန်တော့် တသက်တွင် စာမေးပွဲ ပထမဆုံးနှင့် နောံဆုံးကျဆုံးခြင်းပေတည်း။ ကျရှုံးသော်လည်း ဥပဒေရာဇ၀င် ဖြစ်သော ပထမမေးခွန်းစာတွင် ကျွန်တော် ပထမရခဲ့သည်။ ဒုတိယ ဘီအယ်နှစ်တွင် နှစ်စေ့အောင် ကျွန်တော် မနေတော့ပေ။ ဥရောပတိုက်တွင် မြူးနစ်စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မတတ် အခြေအနေနှင့် ဗမာပြည်တွင် အဓိကရုဏ်း အခြေအနေများကို ထောံဆ၍ တိုင်းပြည်အတွက်
ကိုယ်ထိလက်ရောံလုပ်ကိုင်ရန် ကျောင်းမှ နှစ်ဝက်တွင် ထွက်၍ သ္ခင်ဘ၀သို့ပြောင်းခဲ့သည်။

မြန်မာစာသင် ဘုန်းကြီးကျောင်း နေရစဉ်က ကျွန်တော် အထူးမပျော်ပိုက်ခဲ့သည့် အချက်တစ်ချက် ရှိလေသည်။ ထိုအချက်မှာ ကစားခုံစားခြင်း၊ကလေးဘာဝ သစ်ပင်တက် ရေကူး အလုပ်မျိုး ပိတ်ပင်ခြင်းပင်ဖြစ်လေသည်။ ဤအချက်တွင် ကျွန်တော်တို့ မိဘများလည်း တသဘောတည်းလောံပင် ရှိသည်။ကျွန်တော် တို့မှာ သစ်ပင်တက်ခြင်း ရေကူးခြင်း စသော ကိုယ်လက်ကျန်းမာ ကျင်လည်မှုကို လေ့လာခွင့်မရ၊ သစ်ပင်တက်သည်ကို မြင်လျှင် အဆိုအမြည်ခံရသည်။ရေကူးသည်ကို သိလျှင် အရိုက်ခံရသည်။

ထို့ကြောင့် ယနေ့အထိ ကျွန်တော်မှာ ဥာဏ်ပညာဘက်မှ အခွင့်အလမ်း ရခဲ့၍ ပေါက်မြောံခဲ့ သလောံ ကိုယ်လက်ကျန်းမာ ကျင်လည်ရေးတွင် အခွင့်အလမ်းမရခဲ့၍ များစွာ ချို့ယွင်းနေပေသည်။ ရေနံချောင်း အမျိုးသားကျောင်း နေစဉ်ကလည်း အခွင့်အလမ်း မရခဲ့၊မရခဲ့သည်မှာ အမျိုးသားကျောင်း ဖြစ်သည့်အတိုင်း ဆင်းရဲသဖြင့် ကစားခုံစား လေ့ကျင့်ရာနေရာ ကိရိယာ တံဆာပလာများ မထားနိုင်၍ပင်ဖြစ်သည်။

မြန်မာပြည်တွင် ဘုန်းကြီး များနှင့် ရှေးလူကြီးများ၏ အချို့အယူအဆများကို ခေတ်နှင့် လျှော်အောင် ပြုပြင်သင့်လေပြီ။ သို့မဟုတ်လျှင် ဗမာပြည်နှင့် ဗမာလူမျိုးတို့ အခြေအနေသည် တိုးတက်သင့်သလောံ တိုးတက်မည် မဟုတ်ပေ။

ပညာဆိုသည်မှာ စာအုပ်စာတမ်း ဘတ်၍ စာသိမျှကို ပညာဟု မဆိုပေ။ ပညာသည် အတိုင်းအဆမထင်
အလွန်ကျယ်ပြော နက်နဲလှပေသည်။ကမ္ဘာရှိ စာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို ဘော်ပြခြင်းငှာ မတတ်နိုင်ပေ။ပညာအားလုံးကို လောကပြင်ကျယ်တည်း ဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲသို့ ရောံသည့်အချိန်အထိ ပညာသင်သားများ ဖြစ်နေကြပေသည်။

ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စစ်စစ်အားဖြင့် လူ၏တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။
ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်းအလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကို၎င်း၊မိမိဥာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓာတ်တို့ကို၎င်း၊( EDUCATION OF EMOTIONS) ပြုပြင် ပြုစု ပျိုးထားခဲ့သူသာလျှင် ဖြစ်၏။

ဘီအေပင် အောင်စေကာမူ ပါရဂူဘွဲ့ကြီးပင် ရစေကာမူ ပထမကျော်ကြီးပင် ဖြစ်စေကာမူ အသက်အရွယ် မည်မျှကြီးရင့်စေကာမူ ပညာဆိုသော သဘာဝ အဓိပ္ပါယ်ကို ကောင်းစွာ သုံးသပ်နားလည်ခြင်း မရှိခဲ့ချေက တကယ်အရာမရောံ အသုံးမ၀င်နိုင်ပေ။ ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်၊စာအုပ်များကို ကျော်၍ မြင်စွမ်းနိင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံသာမဟုတ် လူ၏စိတ်နေ စိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။ လူ၏ဆန္ဒအား လုပ်အားကို နူးညွှတ်စေရမည်။
ဆက်ရန်


မတ်လ(၂၇)ရက်နေ့ဟာ တပ်မတော်နေ့ဖြစ်တာကြောင့် တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရေးသားတဲ့ ကျောင်းသားဘ၀ ဆောင်းပါးကို နှစ်ပိုင်းခွဲပြီး တင်ပြလိုက်ပါတယ် ။
စာလုံးပေါင်းသတ်ပုံ နှင့် ပတ်သက်၍ မူလဆောင်းပါး ပါ စာလုံးပေါင်းသတ်ပုံ အတိုင်း ပြင်ဆင်ခြင်းမြ့ပုဘဲ မူလအတိုင်း ဖော်ပြလိုက်ပါတယ်။ ဒီဆောင်းပါးကတော့ စာရေးဆရာ..မြဟန်ရေးသားတဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ စာအုပ် မှ ဖြစ်ပါတယ်။







ဆက်ဖတ်ရန်...

လွမ်းမိသူ

လမင်းရောင်ခြည်

နှင်းဖြူခ

လှတပတ ညတစ်ည…………

ရင်ကဗျာတေး

သံစဉ်ချို

နှစ်ကိုယ်တူညီ တီးခတ်မြဲ…….

အလွမ်းတွေဝေး

ချစ်သူဘေး

ရှုကြည့်မ၀ ငေးမဆုံး…………

ခုတော့…….

လမင်းသံစဉ်

ချစ်သူ ဝေးသောည

ကဗျာ မသီလေတော့

လွမ်းမိတာပေါ့……………..။

ဆက်ဖတ်ရန်...

နွေရာသီ ၏ စိန်ခေါ်မှု အား အံတု၍

နွေရာသီရောက်ပြီ ဆိုရင်ဖြင့် အားလုံး ကြောက်ရွံကြတာ မီးဘေးပါပဲ ။ 2008 ခုနှစ်ရဲ့ ဖေဖေါ်ဝါရီလ (25) ရက်နေ့ မနက် ၈ နာရီ မှာ မန္တလေး ရတနာပုံဈေး မီးလောင်မှုနဲ့ ရန်ကုန် လှိုင်သာယာ မီးလောင်မှု တပြိုင်တည်း လောင်ခဲ့တဲ့မီးဟာ ဒီနှစ်မှာ ဆုံးရှုံးမှု အများဆုံး ဖြစ်ပါတယ်။ လှိုင်သာယာမီးဘေးကြောင့် မိသားစုပေါင်း (၁၂၀၀ ကျော်) အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ပါတယ် ။ မီးလောင်မှုက လှိုင်သာယာ အောင်သုခလမ်းမှစတင် လောင်ကျွမ်းခဲ့ပြီး သီးသန့်လမ်း၊ ခရေလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ဆိပ်ကမ်းသာလမ်း စုစုပေါင်း လမ်းငါးလမ်းမှ အိမ်ခြေပေါင်း ၂၂၆ အိမ် မီးလောင်ခံခဲ့ရပါတယ်။

မီးဘေးအတွက် အဓိက လှူဒါန်းသူများကတော့ နိုင်ငံခြားရောက် မြန်မာများ၊ RAVEN သွေးလှူရှင်အဖွဲ့ ၊ အလင်းလှိုင်းအဖွဲ့၊ ပြည်တွင်းမှ စေတနာရှင်များ၊ မြန်မာပြည်မှ ဘလော့ကာများ ဖြစ်ပါတယ်။ သူတို့ပေးပို့တဲ့ ငွေသား သိန်းသုံးဆယ်ကျော်ကို မတည်ပြီး ပြည်တွင်းမှလည်း လှူဒါန်းသူများရဲ့ အ၀တ်အထည်များ၊ ငွေများနှင့် ပူးပေါင်းလိုက်တဲ့အခါ စုစုပေါင်း တန်ဖိုးအားဖြင့် ငွေကျပ်သိန်း ၅၀ အထိ လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ ရရှိထားတဲ့အလှူငွေနဲ့ ၀ယ်ယူထားတဲ့ အ၀တ်အထည်များကို ကြက်ခြေနီတပ်ဖွဲ့မှ လူငယ်များ နဲ့ Raven သွေးလှူရှင်အဖွဲ့မှ လူငယ်များက မီးဘေးသင့် အိမ်ထောင်စုတွေကို ဝေငှရာမှာ တက်ကြွ စွာ တာဝန်ယူခဲ့ကြပါတယ်။ ရရှိတဲ့ငွေသားများကို ၁၂၀၀ ကျပ်တန် စပို့ရှပ် အထည် ၂၅၀၀ ၀ယ်ယူခဲ့ပါတယ်။ တစ်အိမ်ထောင်ကို ငွေကျပ် ၅၀၀ နှုန်းနဲ့ အိမ်ထောင်စု ၁၂၀၇ စုကို ငွေသားအနေနဲ့ လှူဒါန်းခဲ့ပါတယ်။

Raven BDC မှ အဖွဲ့ဝင်တစ်ဦးကလည်း တန်ဖိုး ၉ သိန်းကျော်ရှိ အ၀တ်အထည် ၃၆၅ ထည် လှူဒါန်းခဲ့ပါတယ်။ အလင်းလှိုင်းအဖွဲ့ကလည်း တန်ဖိုး ၁ သိန်းရှိ အ၀တ်အထည် ၄၀ ကိုလည်း လှူဒါန်းပေးခဲ့ပါတယ်။ လှုဒါန်းမည့်နေ့ မနက် ဆယ်နာရီ အချိန်တွင် ရန်ကုန်မှ ဘလော့ကာများမှ အလှူငွေ နှစ်သိန်းထပ်မံ လှူဒါန်းသည့်အတွက် ကြက်ဥ အလုံး ၂၀၀၀ ကျော်ကို ချက်ခြင်း ၀ယ်ယူခဲ့ပြီး မီးဘေးသင့် အိမ်ထောင်စုတွေကို ဝေငှခဲ့ပါတယ်။ ရန်ကုန်စည်ပင်သာယာ လက်ထောက်ညွန်ကြားရေးမှုး ကလည်း ဗလာစာအုပ် ဒါဇင် ၆၀၀ ကို Raven BDC မှတဆင့် ပူးပေါင်း လှူဒါန်းခဲ့ပါတယ်။

၁၈.၃.၂၀၀၈ ရက်နေ့ မနက်စောစောကတည်းက ကြက်ခြေနီတပ်ဖွဲ့မှ လူငယ်များ နဲ့ Raven BDC အဖွဲ့သားများဟာ လှူဒါန်းရေးအတွက် စိတ်အားထက်သန်နေကြပ်ါတယ်။ မနက်စောစော ကတည်းက လူစုပြီး ၇.၃၀အချိန်မှာ Raven BDC ရုံးခန်းမှ စတင်ထွက်ခွာခဲ့ပါတယ်။ မနက် ၉.၀၀နာရီမှာ လှိုင်သာယာကို ရောက်ရှိခဲ့ပါတယ်။ တာဝန်ရှိသူများထံ သတင်းပို့ပြီးနောက် လှိုင်သာယာ အရန်မိးသတ်တပ်ဖွဲ့ဝင်များကလည်း ကူညီအားဖြည့်ပေးပါတယ်။ ၁၀.၃၀နာရီတွင် လှိုင်သာယာ ရေဥက္ကံဈေး ကိုရောက်ရှိပါတယ်။

လှုဒါန်းမဲ့ ပစ္စည်းများကိုနေရာချထားချိန်မှာပဲ လူထုက စည်ကားစွာ ရောက်ရှိနေခဲ့ပါပြီ။ နေ့လည် ၁၂.၀၀ နာရီမှာ စတင်လှူဒါန်းပါတယ်။ လှူဒါန်းတဲ့နေရာမှာလဲ မိသားစုအလိုက် အထည်အရေအတွက်ကို စာရင်းများ တွက်ချက်ပြီး စနစ်တကျ ခွဲဝေပေးခဲ့တာဖြစ်ပါတယ်။လာရောက် ကြတဲ့ မီးဘေးဒုက္ခသည်များကလည်း စနစ်တကျ လာရောက်ယူငင်ကြတဲ့ အတွက် ဝေငှ၇ာမှာ ပိုပြီး အဆင်ပြေချောမွေခဲ့ပါတယ်။

အိမ်ထောင်စုအလိုက် အကျီင်္၊ ဗလာစာအုပ်၊ ငွေသား၊ ကြက်ဥ တို့ကို အချိုးကြ ဝေငှပေးခဲ့ပါတယ်။ ဝေငှရာမှာ လမ်းအလိုက် ပထမဦးစွာ ခရေလမ်း၊ ထိုနောက် ဗိုလ်ချုပ်လမ်း ၊သီးသန့်လမ်း၊ ဆိပ်ကမ်းသာလမ်း ၊နောက်ဆုံး အောင်သုခလမ်းကို ဝေငှခဲ့ပါတယ်။ ညနေ၆.၀၀မှာ အားလုံးဝေငှ ပြီးစီးခဲ့ပါတယ်။

အခုလို လှူဒါန်းမှုလေးက လိုအပ်နေတဲ့နေရာကို လိုအပ်တဲ့ ပစ္စည်းတွေ အရောက်ပို့နိုင်ခဲ့တဲ့အတွက် ဖော်မပြတတ်အောင်ပဲ ပီတီဖြစ်မိပါတယ်။ အဲဒါကြောင့် ဦးဆောင် ဦးရွက်ပြုခဲ့တဲ့ RAVEN BDC အပါအ၀င် အခြားသော လူမှုရေး အသင်းအဖွဲ့များ၊ ပြည်တွင်းပြည်ပမှ စေတနာရှင် အလှူရှင်များနဲ့ လုပ်အားပေး မောင်မယ်များ အားလုံးကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်လေ။

ကျွန်တော့် ဘလော့လေးမှာ ကျွန်တော့်သူငယ်ချင်းများရဲ့ လှိုင်သာယာမီးဘေး ကယ်ဆယ်ရေး အကြောင်းကို တင်ပြရင်း ဒီပို့လေးနဲ့ အလှူရှင်များနဲ့ လုပ်အားပေး မောင်မယ်များကို ဂုဏ်ပြုလိုက်ပါတယ်။

ဆက်ဖတ်ရန်...

လွမ်းသူ့ရဲ့တေး

နှင်းကြွင်းပြာစနဲ့ ရွက်ကြွေပွင့်ဖတ်ဝေ
လွမ်းမျက်ရည်စ ဝေ့ဝေ့၀ဲ
မျက်တောင်ဖျား ဖွဲ့သီ
တမ်းချင်းတွေ ရင်ဝယ်သိ......
တိုးတိတ် ညည်းဆို
မျှော်မိသည့် အခန်း
နွမ်းမိသည့် အလွန်
သူလည်း သတိရမယ်ထင်ရဲ့ …..

ဘယ်သူ မလွမ်းလဲ
တစ်ကယ်ချစ်ရင်
စိတ်နှလုံး နီးစပ် ပေမယ့်
ဝေးနေသူချင်း တွေ့ခွင့်က အိမ်မက်မှာ
ကြယ်စင်တွေ ရေတွက်လို့
ပျံသန်းခဲ့ရက်များစွာ ……….

အဝေးက လင်းမှိန်ဖျော့
ညကဗျာ ကြယ်စုလေးက
အလွမ်း ပို … ပိုစေသလား.....
သြော်.......
ချစ်သူ ရယ် .. နှင်း ထူထူထဲမှာ
လွမ်းသူ့ရဲ့တေး …... ။ ။

ဆက်ဖတ်ရန်...

လောကကိုအလှ ဆင်ချင်သူများ

မြန်မာနိုင်ငံရဲ့ မှတ်တမ်းတင် နေ့တနေ့ဖြစ်တဲ့ တောင်သူလယ်သမားနေ့(မတ်လ ၂ ရက် ) နေ့မှာ အမိမြေရဲ့ ရပ်ဝေးရပ်နီးမှာ ရှိနေကြတဲ့ မြန်မာပြည်သူ ပြည်သားများနဲ့ မြန်မာစာပေကို မြတ်နိုးတဲ့ လူတိုင်းအတွက် ဖတ်ရှုချင်စရာ အွန်လိုင်း မဂ္ဂဇင်းတစောင် ထွက်ရှိခဲ့ပါတယ်။

မဂ္ဂဇင်းရဲ့ အမည်ကတော့ `လောက အလှ ´ ဖြစ်ပါတယ်။


အတွေးအမြင် အနုပညာ သတင်းအက်ဆေးဟာသဆောင်းပါးဝတ္ထုတိုအင်တာဗျူး ကျန်းမာရေးကဏ္ဍပညာရေးကဏ္ဍကွန်ပြူတာကဏ္ဍဓါတ်ပုံကဏ္ဍအမျိုးသားရေးရာ၊ အမျိုးသမီးရေးရာ စသည်ဖြင့် စုံလင်စွာဖော်ပြထားတဲ့ အဲဒီ အွန်လိုင်း မဂ္ဂဇင်းမှာ ဘလော့လောကမှာ လူအများသိပြီး နေကြပြီဖြစ်တဲ့ ကလိုစေးထူး၊ မမေဓာဝီ တို့အပြင် စာရေးသူ အတော်များများ ရေးသားထားကြတာမို့ စိတ်ဝင်တစားဖတ်ချင်စရာလေး ဖြစ်တဲ့ အဲဒီ မဂ္ဂဇင်းဆီကို သွားချင်တယ်ဆိုရင်တောဒီနေရာလေးကတဆင့် သွားဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ…။ အယ်ဒီတာများရဲ့ ပြန်ကြားချက်အရ လောကအလှ မဂ္ဂဇင်းကို အပတ်စဉ် တိုင်း Edit လုပ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

အိမ်ဝေးသူ

ဆက်ဖတ်ရန်...

ထိရောက်စွမ်းဆောင်နိုင်သူ လူငယ်တို့၏ အကျင့် (၇) ပါး

အပိုင်း (၃)

အမူအကျင့်ဆိုတာ

တို့တစ်တွေ ထပ်တလဲလဲ လုပ်တာတွေပါပဲ။ ဒါပေမယ့် ကိုယ့်မှာရှိနေမှန်း သိပ်သတိမထားမိ တတ်ကြဘူး။ သူတို့က အလိုအလျောက် မောင်းနှင်နေတာကိုး။

တချို့ အမူအကျင့်တွေက ကောင်းတယ်။


ဥပမာ -
လေ့ကျင့်ခန်းမှန်မှန်လုပ်တာ
ရှေ့အစီအစဉ်ချမှတ်တာ
တစ်ပါးသူကို လေးစားမှုရှိတာ

တချို့ကျ မကောင်းဘူး။


ဥပမာ -
အပျက်ချည့် မြင်တာ၊ တွေးတာ
အားငယ်စိတ် အငုံ့စိတ်ရှိတာ
တစ်ပါးသူကိုပဲ အပြစ်တင်တတ်တာ

တချို့ အကျင့်တွေကတော့ ကိစ္စ မရှိဘူး။


ဥပမာ - ညကျမှ ရေချိုးတာ
ထမင်းစားရင်း သတင်းစာဖတ်တာ
မဂ္ဂဇင်းတွေကို နောက်ကနေ စဖတ်တာ

ဘာအကျင့်တွေလဲ ဆိုတာပေါ် မူတည်ပြီး တို့အကျင့်တွေက တို့ကို တည်ဆောက်တယ်။ ဖြိုဖျက်တယ်။ တို့ ထပ်တလဲလဲလုပ်တဲ့ အတိုင်း ဖြစ်သွားကြတာပဲ။ စာရေးဆရာကြီး ဆင်မြူရယ် စမိုင်း က ဟောဒီလို ရေးဖူးပါတယ်။

“ အတွေး တစ်ခု စိုက်၊ လုပ်ရပ် တစ်ခု ရိတ်
လုပ်ရပ် တစ်ခု စိုက်၊ အကျင့် တစ်ခု ရိတ်
အကျင့် တစ်ခု စိုက်၊ စရိုက် တစ်ခု ရိတ်
စရိုက် တစ်ခု စိုက်၊ ဂုဏ်သိက္ခာ တစ်ခု ရိတ် “

ကံကောင်းတာက မင်းဟာ မင်း အမူအကျင့်တွေထက် ပိုပြီးသန်စွမ်းတယ် ဆိုတာပဲ။ ဒီတော့ အကျင့်တွေကို မင်းပြောင်းလဲနိုင်တယ်။ စွဲမြဲပြီး အကျင့်တွေကို ပြောင်းရမယ်ဆိုတာ အမြဲတမ်းတော့ ဘယ်လွယ်ပါ့မလဲ။ ဒါပေမယ့် မဖြစ်နိုင်တဲ့ ကိစ္စလည်း မဟုတ်ဘူး။

အကျင့်(၇) ပါးက မင်းကိုဒါတွေဖြစ်အောင် ကူညီနိုင်တယ် ..


မင်းဘ၀ကို ထိန်းချုပ်ဖို့ …..
လူမှုဆက်ဆံရေး တိုးတက်ဖို ….့
ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ….
မိသားစုနဲ့ အဆင်ပြေဖို့ ….
စွဲနေတာတွေ ဖြတ်နိုင်ဖို့ ….
ကိုယ့်အတွက် ပဓာနအကျဆုံးဟာ ဘာလဲ၊
တန်ဖိုးဟာ ဘာလဲ ဆိုတာကို သတ်မှတ်ဖို့ ….
ကျောင်း၊အလုပ်၊ အပေါင်းအသင်းနဲ့ အရာခပ်သိမ်းကြားမှာ ဟန်ချက်ညီဖို့ …

ကဲ တွေးကြည့်ပါအုံး … နော် ..

ဘာသာပြန်သူ မောင်သစ်ဆင်း

ကျွန်တော့် သူငယ်ချင်းများ ဒီဆောင်းပါးလေးကို နှစ်သက်မယ်လို့ ထင်ပါတယ်။ ကျွန်တော် အချိန်ရတာနဲ့
ပို့စ် အသစ်များ ကို တင်နိုင်အောင် ကြိုးစားပါ့မယ်။ လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါလို့နော်........။

ဆက်ဖတ်ရန်...

ထိရောက်စွမ်းဆောင်နိုင်သူ လူငယ်တို့၏ အကျင့် (၇) ပါး

အပိုင်း ( ၂ )


ကျင့်စဉ်တွေက ရိုးရိုးလေးတွေလိုပဲနော်။ ဒါပေမယ့် သူတို့ ဘယ်လောက် တန်ခိုးကြီးတယ် ဆိုတာ မြင်အောင် သိအောင်လုပ်ပါအုံး။ ဒီအကျင့် (၇) ပါး သဘောပေါက်နားလည်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဒါတွေရဲ့ ဆန့်ကျင်ဘက်တွေကို နားလည်ထားဖို့ပဲ။ ဟောဒီမှာကြည့်။

ထိထိရောက်ရောက် မစွမ်းဆောင်နိုင်တဲ့

လူငယ်တို့ရဲ့ အမူအကျင့် (၇) ချက်

အမူအကျင့် (၁) တန့်ပြန်မှု

မင်းပြဿနာ အားလုံးအတွက် မိဘတွေ၊ ဆရာတွေ၊ ပါမောက္ခတွေ၊ စိတ်ညစ်စရာကောင်းတဲ့ အိမ်နီးချင်း၊ ရည်းစား၊ တစ်ခြားတစ်စုံတစ်ယောက် လို့ အပြစ်တင်တယ်။ ကိုယ့်ကိုကိုယ် သားကောင်လို့ ခံစားတယ်။ သားကောင်လိုနေတယ်။ ကိုယ့်ဘ၀အတွက် ကိုယ်ဘာတာဝန်မှ မယူဘူး။ တိရစ္ဆာန်လိုကျင့်တယ်။ ဆာရင်စားတယ်။ သူများဆဲရင် ပြန်ဆဲတယ်။ ကိုယ်လုပ်တာ မှားမှန်းသိပေမယ့် လုပ်တာပဲ။



အမူအကျင့် (၂) အဆုံးကစပြီး မတွေးဘူးပေါင်

ဘာဆောင်ရွက်ဖွယ် အစီအစဉ်မှ မရှိဘူး။ ပန်းတိုင်ဆိုတာ ဝေလာဝေး။ မနက်ဖြန်အကြောင်း မတွေးပါဘူး။ ဖြစ်ချင်တာဖြစ် မောင်ဘချစ်။ မျက်မွေးတစ်ဆုံးပဲ ကြည့်တယ်။ အခိုက်အတန့်လေးမှာပဲ နေတယ်။ စားပြီးအိပ်နေ ဘိက္ခဝေ၊ သေရင်ပက်လက် နတ်ပြည်တက်။

အမူအကျင့် (၃) ပထမကိစ္စနောက်ဆုံးမှ

မရှိလို့လုပ်စား ဖြည်းဖြည်းပေါ့။ ဘ၀ အတွက် ဘယ်လောက်ပဲ အရေးကြီးတဲ့ ကိစ္စပဲဖြစ်ဖြစ် တော်တော်နဲ့ မလုပ်ဖြစ်ဘူး။ ဖုန်းပြောရင်လည်း သိပ်ကြာတယ်။ တီဗွီရှေ့ကလည်း တော်တော်နဲ့ မထ။ အိမ်စာတွေကျတော့ မနက်ဖြန် ကိုရွှေ့။ အဓိက အလုပ်ကို မလုပ်မိ၊ အသေးအဖွဲတွေကိုသာ အရင်လုပ်မိ။

အမူအကျင့် (၄) ငါ အနိုင်မင်းအရှုံးပဲတွေး

ဘ၀ဆိုတာ အညှာအတာမဲ့ ရက်စက်ရတဲ့ စစ်ပွဲပဲ။ ကိုယ်က ဦးအောင်သာချပစ်။ ဘယ်သူ့ကိုမှ အနိုင်မခံလေနဲ့။ သူများနိုင်တာဟာ ကိုယ်ရှုံးတာပဲ ဆိုတာ မမေ့နဲ့။ အေး - ကိုယ် ရှုံးမယ့်ပုံပေါ်ရင်တော့ သူ့ကိုပါရအောင် ဆွဲချသွားမယ် ။.

အမူအကျင့် (၅) ငါ့စကားနွားရပြော၊ နားထောင်ချင်ယောင်ဆောင်

ပါးစပ်တစ်ပေါက်နဲ့မွေးလာတာ၊ အသုံးချရမှာပဲ။ များများသာပြော။ ကိုယ်ဘက်က အမြင်ကို အရင်ပြော။ ပြီးမှ သူများပြောတာကို ခေါင်းတညိတ်ညိတ်လုပ် “အင်း၊ အဲ“ နဲ့ နားထောင်ချင်ယောင်ဆောင်။ သူများ အမြင်မလိုချင်ပေါင်။ ကိုယ်ကပဲ ပေးလိုက်မယ်။

အမူအကျင့် (၆) မပူပေါင်းရေး

သူတစ်ပါးဆိုတာ ကိုယ်လိုမဟုတ်ဘူး။ ကိုယ်နဲ့ မတူဘူး။ ဘာကြောင့် ပူးပေါင်းနေရဦး မှာလဲ။ ကိုယ့်မှာ စိတ်ကူးကောင်းတွေရှိရင် ကိုယ့်ဘာသာကိုယ် အရာရာ ပိုကောင်းအောင်လုပ်နိုင်တာပဲ။ ကိုယ့်ကျွန်း ကိုယ်ဆောက် ကိုယ့်နေရာ ကိုယ်နေ။

အမူအကျင့် (၇) ကိုယ့်အားကိုယ်ဖြုန်း

အလုပ်တွေ ပိလွန်းလို့ ကိုယ့်ကိုကိုယ် တိုးတက်အောင်၊ အသစ်ပြန်ဖြစ်နေအောင် အချိန်မယူနိုင်ပါဘူး။ ဘာအသစ်မှ မလေ့လာဖြစ်ဘူး။ ကိုယ်လက်လေ့ကျင့်ခန်းဆို ဝေလာဝေး။ စာအုပ်ကောင်းတွေ နဲ့ဝေး၊ သဘာဝတရားနဲ့ဝေး၊ ကိုယ့်စိတ်ကို နိုးစေတဲ့ အရာတွေနဲ့လည်း တစ်ကမ္ဘာစီဝေးနေတယ်။

ကဲ .. မြင်တဲ့ အတိုင်းပဲ။ အထက်မှာပြခဲ့တဲ့ အမူအကျင့်တွေဟာ ကျဆုံးခန်းအတွက် ရုံဝင်လက်မှတ် တွေပဲ။ တို့ အတော်များများဟာ ( ကိုယ် အပါအ၀င်) ဒီလက်မှတ်တွေ မှန်မှန်ဝယ်တတ်ကြသကွ။ ဒီတော့ ဘ၀ဟာ နေပျော်စရာ မကောင်းတတ်တာ ဘာများဆန်းလို့လဲ ။

ဆက်ဖတ်ရန်...

ထိရောက်စွမ်းဆောင်နိုင်သူ လူငယ်တို့၏ အကျင့် (၇) ပါး

အပိုင်း ( ၁ )


The 7 Habits of Highly Effective Teens

(Sean Covey)

ပထမ ကျွန်ုပ်တို့က အကျင့်တွေကို လုပ်တယ်။

နောက်တော့ အကျင့်တွေက ကျွန်ုပ်တို့ကို လုပ်တယ်။

အင်္ဂလိပ်ကဗျာဆရာတစ်ဦး

ဟောဒီမှာ လူငယ်တွေရဲ့ ပြဿနာတစ်ချို့။ မင်းပြဿနာနဲ့ တူချင်မှ တူမယ်။

“ လုပ်စရာတွေက အများကြီး၊ အချိန်က မရ။ ကျောင်းရယ်၊ အိမ်စာတွေရယ်၊ သူငယ်ချင်းတွေရယ်။ လက်ဖက်ရည်ဆိုင်ရယ် ။ မိသားစုကတော့ အားလုံးရဲ့ ထိပ်က၊ စိတ်အရမ်းညစ်တယ်ကွာ ဘာလုပ်ရမလဲ “

“ ငါ့ ကံအကြောင်းကိုက ခေလွန်းအားကြီးပါတယ်၊ ဘယ်နေရာကြည့်လိုက် ကြည့်လိုက် သူများတွေကပဲ ကိုယ့်ထက်သာနေတော့တာပဲ၊ သူ့လိုဆံပင်သာ ငါ့မှာရှိရင်၊ သူ့လိုသာ ငါဝတ်စားနိုင်ရင်၊ သူ့ရုပ်မျိုးသာ ငါ့မှာရှိရင်၊ သူ့ကောင်မလေးမျိုးသာ ငါ့မှာရှိရင် ငါသိပ်ပျော်မှာပဲ “

“ ငါ့ဘ၀တစ်ခုလုံး ဖရိုဖရဲ ပရမ်းပတာ ဖြစ်နေသလိုပဲ “

“ ငါ့ အိမ်ကတော့ ငရဲပါပဲ၊ ငါဘာလုပ်လုပ် အကောင်းကို မထင်ကြဘူးကွာ “

“ ငါ့နေနေပုံဟာ ဖြစ်သင့်တဲ့နည်း မဟုတ်ဘူးဆိုတာ ငါသိချင်တယ်၊ ဆေး၊ အရက်၊ လိင်ကိစ္စ . . . အားလုံးပဲ။ ဒါပေမယ့် ငါ့ကောင်တွေနဲ့ တွေ့တိုင်း သူတို့လုပ်သလို လုပ်ဖြစ်နေတော့တာပဲ “

“ ငါတော့ ကျောင်းမှာ သိပ်မဟန်လှဘူး၊ အမှတ်မကောင်းရင်တော့ တက္ကသိုလ်ကောင်းကောင်းလေး ကို သွားနိုင်မှာ မဟုတ်ဘူး “

“ စိတ်ဓါတ် ကလည်း ခဏခဏ ကျတယ်၊ လက်တို့ ရုံလေးနဲ့ မျက်ရည်က ကျချင်နေတာ။ ဘာလုပ်ရမှန်းကို မသိဘူး“

ဒါတွေက တကယ်ရှိနေတဲ့ ပြဿနာတွေ။ ဘ၀ အမှန်ကို လက်မခံလို့ ကလည်း မရဘူး။ ဒီတော့ ကိုယ်ကလည်း ငြင်းပယ် ခိုင်းဖို့ မကြိုးစားပါဘူး။ အဲဒါ အစား လက်ရှိဘ၀ အမှန်နဲ့ ဆက်ဆံရေးကောင်းဖို့ အကူအညီရမယ့် လက်နက် ကိရိယာလေးတွေပဲ မင်း ကိုပေးမှာပါ။ ဘာတွေလဲ .. သိလား ။ “ထိထိရောက်ရောက် စွမ်းဆောင်ရည်မြင့် လူငယ်တို့ရဲ့ အမူအကျင့်(၇)ပါး“ ပါတဲ့။ တစ်နည်းပြောရရင် ကမ္ဘာတစ်ဝှမ်းက ပျော်ရွင်စွာ အောင်မြင်ကြသူ လူငယ်တွေရဲ့ စရိုက်လက္ခဏာ (၇) မျိုးပေါ့။

ဘာအမူအကျင့်တွေလဲ မင်း သိချင်ပေလိမ့်မယ်။ ဟောဒါတွေပါပဲ။ ရှင်းလင်းချက် အကျဉ်းချုပ်လေးတွေနဲ့ ။

အမူအကျင့် (၁) ငါသာလျှင် ငါ့ကံ၏ အရှင်သခင် စိတ်ဓါတ် ( Be Proactive )

( မင်း ဘ၀အတွက် မင်းကိုယ်တိုင် တာဝန်ယူ )

အမူအကျင့် (၂) အဆုံးက စစဉ်းစား (Begin With the End in mind )

( ရလာတဲ့ ဘ၀မှာ မင်းဘာလုပ်မှာလဲ၊ မင်း ပန်းတိုင်ဘာလဲ )

အမူအကျင့် (၃) ပထမကိစ္စ ပထမထား ( Put First Thing First )

( အရေးကြီးဆုံး ကိစ္စ အရင်လုပ်)

အမူအကျင့် (၄) အားလုံးကောင်းဖို့တွေး ( Think Win-Win )

( ဘယ်သူမှ နာစရာမလို သဘောထားမွေးမြူ )

အမူအကျင့် (၅) နားလည်စရာကို ပထမရှာ၊ ကိုယ် ကိုလည်း နားလည်သွားပါစေ

( Seek First to Understand, Then to be Under tood )

( သူများပြောတာ တည်ကြည်စွာနားထောင် )

အမူအကျင့် (၆) ပူးပေါင်း လုပ်နိုင်စွမ်း ( Synergize )

( ပိုကောင်းဖို့ အတူအလုပ်လုပ်)

အမူအကျင့် (၇) အကျင့်ကောင်းတွေကို ထက်မြက်နေအောင် ကြိုးစားနေ ( Sharpen the Saw )

( ကိုယ့် ကိုယ်ကို အသစ်ဖြစ်နေအောင် အမြဲကျင့်နေ)

ဘာသာပြန်သူ .. မောင်သစ်ဆင်း …

ကျွန်တော်သူငယ်ချင်းများဖတ်ဖို့ လူငယ်တို့ရဲ့ အမူအကျင့် (၇)ပါးကို အပိုင်းများခွဲပြီး တင်ပြသွားမှာဖြစ်ပါတယ် ။

ဒီဆောင်းပါးလေးကတော့ ဆရာမောင်သစ်ဆင်းက ဘာသာပြန် ထားတာဖြစ်ပါတယ်။

ဆက်ဖတ်ရန်...

တူနှစ်ကိုယ်

နေရောင်ညိုစ

တိမ်ပနံသင့် ဆည်းဆာခင်းမှာ

မခွဲတူညီ တွဲလို့မှီငေး

ပြာလဲ့တဲ့ရေ ဖွေးဖွေးရေလှိုင်း

ပြေးလွှားဆော့နေ မြင်ကွင်းတွေထဲ

နေ၀င်ဆည်းဆာ လွမ်းမိပ်ါသည်

ပင်လယ်နဘေး ဖွေးဖွေးသဲသောင်ဝယ် . . . .

ညအမှောင်ထဲ

ကြယ်ရောင်လက်လင်း ညခင်းလင်းဖျော့

နှစ်ဦးအတူ ဖေးမကူလျက်

ဟိုသည်တစ်စ ကြယ်ဖြူစတွေ

သီလို့မဆုံး ကြယ်ပန်းကုံးများ

ချစ်သူကိုဝေ ကြည်နူးစေသည်

ပင်လယ်နဘေး ဖွေးဖွေးသဲသောင်ဝယ် . . . . ။

ဆက်ဖတ်ရန်...

ဂျူး ရဲ့ အချစ်ဆိုတာ ကြိုးနဲ့သီဖို့မလိုတဲ့ ပန်းပွင့်လေးတွေ


ဇာတ်လမ်းအဓိကမဟုတ်သော ၀တ္တုတစ်ပုဒ်လို သူနှင့်ကျွန်မချစ်ခဲ့ကြပါသည်။

ကျွန်မတို့မှာ အဖြစ်အပျက်တွေ ကြုံကြိုက်မှုတွေ ရှိသည်။ သို့သော် ဘာပြီးရင် ဘာလာရမည် ဟူသော ဖြစ်စဉ်များမရှိပါ။ ကျွန်မတို့မှာ ဆန္ဒတွေရှိသည်။သို့သော် မျှော်လင့်ချက်မရှိပါ။ ကျွန်မတို့ မှာ မှန်းဆကြည်နုးမှုတွေ ရှိသည်။သို့သော် အနာဂတ် မရှိပါ။

ကျွန်မနှင့် သူ၏အချစ်သည် မွှေးပျံသော၊လှပသော စံပယ်ပန်းများ ဖြစ်သည်ဆိုလျှင် လက်ထဲမှာ ထွေးဆုပ်
ထားသော ပန်းများပဲ ဖြစ်မည်။ စံပယ်ကုံးတစ်ကုံး မဟုတ်ခဲ့၊ကျွန်မတို့၏အချစ်ကို သီရန်ကြိုးမရှိခဲ့။

သို့သော် ကျွန်မသူ့ကို အလွန်ချစ်ပါသည်။

*****************************************************************

အာရုံငါးပါးတွင် အချစ်သည် အနည်းဆုံးတစ်ပါးပါးဖြင့် စတင်တတ်သည်ဟု ပြောပါသည်။ ကျွန်မဘယ်အာရုံဖြင့် စချစ်ခဲ့မိသလဲ ဟု စဉ်းစားကြည့်လျှင် ကျွန်မအံ့သြစွာ ရယ်ချင်ပါသည်။ အဆင်း၊ရနံ့၊ အရသာ၊ အသံနှင့် ထိတွေ့မှု အာရုံငါးပါးလုံးဖြင့် စချစ်ခဲ့မိသောကြောင့် ဖြစ်ပါသည်။


ချစ်သူတစ်ယောက်ကို ဘယ်အချိန်က စချစ်သွားမှန်းမသိဘူး ဆိုတဲ့သူတွေ တော်တော်ညံ့တာပဲဟု ကျွန်မထင်ပါသည်။ သည်လောက် အရေးကြီးသည့် အပြောင်းအလဲတစ်ခုကို သူတို့ ဘာကြောင့် သတိမထားမိကြတာလဲ၊ဘ၀မှာ အမြဲအောက်မေ့အမှတ်ရစရာ ကူးပြောင်းမှုတစ်ခုကို လူတိုင်း သတိရနေသင့်သည် ထင်ပါသည်။


ကျွန်မအတွက်က အချစ်သည် နှင်းတို့ဖြင့် မှုန်ရီသော နံနက်ခင်းတစ်ခုက သယ်ဆောင်လို့ ပါလာသောအရာ ဖြစ်ခဲ့ပါသည်။

အဲသည်ကောင်လေးတစ်ယောက်ကို ကျွန်မတို့ရပ်ကွက်ထဲကဟု သိနေတာဖြင့် ခြောက်လလောက် ရှိခဲ့ပြီ။ တစ်ယောက်နှင့်တစ်ယောက်တွေ့လျှင်လည်း ပြုံးမပြမိကြ။ ဘယ်သူကမျှ ကျွန်မတို့ကို မိတ်ဆက်မပေးခဲ့။ ကိုယ့်ဟာကိုယ် မိတ်ဆက်ရန်ထိလည်း တစ်ယောက်ကိုတစ်ယောက် စိတ်မ၀င်စားခဲ့။

ဇန်န၀ါရီနံနက်ခင်းတစ်ခုမှာတော့ ကျွန်မအိမ်မှ ဟံသာဝတီအ၀ိုင်း ထိ ကျွန်မအပြေးကျင့်ရင်း သူနှင့်ဆုံတွေ့မိပါသည်။ ဆုံခဲ့မိတော့လည်း သူကိုယ့်ကိုမြင်သည်။ မျက်မှန်းတန်းမိနေသော ကောင်မလေးဟုသိသည်။ ကိုယ်က သူ့ကိုမြင်သည်။ ဒီကောင်လေးဟာ လမ်းထိပ်က ဗီဒီယိုခွေအငှားဆိုင်မှ ခဏ ခဏ မျက်မှန်းတန်းမိနေသော တစ်ယောက်ဟု သိသည်။ဒါပဲ။ သူက သူငယ်ချင်းတစ်ယောက်နှင့်အတူ အပြေးကျင့်နေသည်။ ကျွန်မက တစ်ယောက်တည်း၊ကျွန်မတို့ ပြုံးလည်း မပြမိကြပါ။

သူတို့နှစ်ယောက် စကားတပြောပြောနှင့် ပြေးနေတာမို့ ကျွန်မလောက် မမြန်ပါ။ ထို့ကြောင့် ကျွန်မကသူတို့ကို ကျော်တက်လာခဲ့သည်။အဲသည်မှာ အချစ်ရောက်လာဖို့ အခြေအနေကို ကြုံရသည်။

ကျွန်မ၏ ဝေါ့လ်ကင်းရှူးက လေးငါးနှစ်လောက် ဟောင်းနေပြီ၊ထိုပြင် ကျွန်မက ဖိနပ်ကြိုးချည်ရာတွင် အလွန်ညံ့ပါသည်။ကျွန်မဖိနပ်ကြိုးသည် တစ်ခါပြေးလျှင် အနည်းဆုံးတစ်ဖက်တစ်ခါတော့ ပြန်ပြင်ချည်ရတတ်၏။ ကြိုးပြေပြီး ကြိုးနှစ်ချောင်းလုံး ဘတ်လတ်ဘတ်လတ် ဒယဉ့်တိုက်နေသည်ကို ခဏခဏတွေ့ရတတ်ပါသည်။

အဲသည်မနက်က ကျွန်မသည် သူတို့နှစ်ယောက်ရှေ့မှာ ဖိနပ်ကြိုးပြေနေခဲ့သည်။ချည်ထားသည့် ကြိုးပြေလို့ဖြင့် ဖိနပ်က ချောင်လာစရာ အကြောင်းမရှိပါ။ ဟိုဘက်သည်ဘက် ရက်ယှက်ကာ တင်းတင်းဆွဲထားသော ကြက်ခြေခတ် နေရာတွေက နဂိုအတိုင်းပါပဲ။ သို့သော် ဖိနပ်ကြိုးပြေပြီး တန်းလန်းကျခြင်း၊ဖိနပ်ဟောင်း၍ ချောင်နေခြင်း နှစ်ခုပေါင်းလိုက်သောအခါ ကျွန်မ၏ ညာဘက်ခြေထောက်က လိုချင်ရာကို မရောက်ဘဲဖြစ်သွားသည်။ ထိုအချိန်မှာပဲ ကျွန်မလဲသွားပါသည်။

ပထမဆုံးသိလိုက်တာကတော့ ရှက်တာပါပဲ။ ရပ်ကွက်ထဲက ကောင်လေးတွေ့ရှေ့မှာတော့ အရှက်ကွဲပြီး နောက် သိလိုက်တာကတော့ ဒူးဆစ်ဆီက နာကျင်မှုပါပဲ။ဘောင်းဘီအရှည် ၀တ်ထားသဖြင့် ဒဏ်ရာကို မမြင်နိုင်သော်လည်း ပေကျံပွန်းသွားသော ဘောင်းဘီသားကို ကြည့်ပြီး ဒူးလည်းပွန်းသွားပြီဟု မှန်းလိုက်ရသည်။ ထို့ကြောင့် ကမန်းကတန်းထရပ်လိုက်ပါသည်။သူတို့ကကျွန်မဘေးမှ ကျော်တက်ရန် ပြင်နေပြီ။

``ဟေ့ …ဟေ့ …မင်းဖိနပ်ကြိုး ပြေနေတယ် ´´

သူ့သူငယ်ချင်းက ကျွန်မအား ဖိနပ်ကို လက်ညှိုးထိုးပြသည်။ကျွန်မသည် ထူပူနေသောမျက်နှာကို အောက်ငုံလိုက်ပြီး ကြိုးတပ်ရန် ကိုယ်ကို ကိုင်းငုံချလိုက်သည်။ အဲသည်ကျမှ လက်ဖနောင့်မှာ ပွန်းပြီး သွေးခြည်ဥနေတာကို မြင်ရသည်။ နီရဲနေတာပဲ၊သွေးဟုထင်လိုက်ချိန်မှာ ကျွန်မမူးပြီးထိုင်ကျသွားပြီး။

``ဟာ……..ဟေ့ကောင်၊ကောင်မလေး လဲသွားပြန်ပြီကွ´´

အဲဒါ သူ့အသံ။သူ့အသံသည် ဂစ်တာတစ်ခု၏ အပေါ်ဆုံး ကြိုးနှစ်ချောင်းတည်း တီးခတ်သည့်အသံလိုပဲ ကျွန်မအကြားအာရုံထဲသို့ လှိုင်းခတ်၍ ၀င်ရောက်သွားသည်။အသံပြီးတော့ လူကိုယ်တိုင် အနားသို့ရောက်လာသည်။

``နင့်လက်မှာ သွေးတွေနဲ့၊ နင့်မှာ လက်ကိုင်ပ၀ါ ပါလား´´

ကျွန်မမှာ ဘာမှ မပါပါ။ သူ့ကိုမော့ကြည့်သော်လည်း ပြာဝေသော မျက်လုံးကြောင့် သဲသဲကွဲကွဲ မမြင်ရ၊

``ဒါဖြင့် နင်ဘာကိုမှမကိုင်နဲ့၊ ဖိနပ်ကြိုးကိုလဲ မကိုင်နဲ့၊ငါချည်ပေးမယ်´´

သူ ကျွန်မအနားမှာ ထိုင်ချလိုက်သည်။ကျွန်မ၏ ဖိနပ်ကြိုးကို ချည်ပေးနိုင်ဖို့ လုံလောက်စွာ နီးကပ်သော အကွာအဝေးဖြစ်သည်။သူ့ရင်ဘတ်သည် ကျွန်မမျက်နှာနှင့် တစ်ပေလောက်ပဲ ဝေးကွာသည်။ထိုရင်ဘတ်ဆီမှ ရေမွှေးနံ့တစ်ခုနှင့် ချွေးနံ့ပေါင်းနေသော ကိုယ်နံ့ပြေပြေလေးတစ်ခုကို ရပါသည်။အဲဒီအနံ့သည် တုန်လှုပ်ရှက်ရွံစွှာ အသက်ပြင်းပြင်းရှိုက်ရှူနေရသော ကျွန်မ၏ အဆုတ်ထဲမှတစ်ဆင့် နှလုံးသားထဲ၊ ထိုမှတစ်ဆင့် သွေးကြောတွေထဲသို့ ပျံ့နှံ့စီးဝင်သွားခဲ့ပါသည်။ သူကျွန်မအသားကို မထိခဲ့ပါ၊ ကျွန်မ၏ ဝေါ့လ်ကင်းရှူးနှင့် ဖိနပ်ကြိုးကိုသာ သူထိခဲ့ပါသည်။ သို့သော် သူ့လက်မှ ပူနွေးမှုသည် ဖိနပ်ကြိုးထဲမှတစ်ဆင့်၊ခြေအိတ်မှတစ်ဆင့် ကျွန်မကိုယ်ခန္ဓာထဲသို့ ဖြည်းညင်းစွာ ၀င်ရောက်သွားခဲ့သည်။ အဲသည်အခါကျမှ ပြာဝေမှုသက်သာသွားသော မျက်လုံးများဖြင့် သူ့လက်ကို ကျွန်မကြည့်မိသည်။ကြီးမားသော၊သွယ်ရှည်သောလက်တွေ……..၊ဖိနပ်ကြိုးကို ဖျတ်လတ်သွက်လက်စွာ၊ထိုပြင် လှပစွာ ချည်ပြီးသွားသော လက်တွေ။

``ကဲ….ရပြီ၊နင်မူးနေသေးလား´´

ကျွန်မခေါင်းမညိတ်ရသေးမီ သူက စပို့ရှပ်အိတ်ထဲမှ ချိုချဉ်တစ်လုံး ထုတ်ပေးသည်။

``ရော့..ဒါကိုစားလိုက်၊ဒီနားမှာပဲ ထိုင်နေခဲ့၊ငါတို့ ပြန်လာမှ အတူလိုက်ပြန်…ဟုတ်ပြီလား´´

သူ့ချိုချဉ်သည် သာမန် အ၀ါရောင်ချိုချဉ်တစ်လုံးသာဖြစ်သည်။ ထုပ်ပိုးထားသည့် ပလတ်စတစ်စမှာလည်း အသည်းပုံတွေ ဘာတွေမပါ။သို့သော် သူ့အင်္ကျင်္ီအိတ်ကပ်ထဲက ချိုချဉ်၊သူ့နှလုံးသားနှင့် ထိကပ်စွာ ပူနွေးနေသော ချိုချဉ်၊ကျွန်မစားဖူးသမျှ ချိုချဉ်အားလုံးထဲတွင် သူ့ချိုချဉ်က အာဟာရအပြည့်ဆုံး၊အမူးအပြေဆုံး ဖြစ်ပါသည်။

အဲသည် ချိုချဉ်ခွံကလေး ယခုအချိန်ထိ ကျွန်မမှာ ရှိပါသည်။

*******************************************

သူ့ကို ကျွန်မက ``ကောက်ကောက်´´ဟု ချစ်စနိုးခေါ်ပါသည်။ဆံပင်လေးတွေ ဖွာကောက်နေတာကြောင့်၊ကျွန်မအပေါ် ခဏခဏ စိတ်ကောက်တတ်သောကြောင့်၊နောက်ပြီး သူ့နံမည်အရင်းကို ကျွန်မ မကြိုက်တာကြောင့် ဖြစ်ပါသည်။(သူ့ နာမည်က ခပ်တုံးတုံးနာမည်ဖြစ်သည်၊ သူ့မိဘတွေသည် ဒီလောက်ရင်ခုန်စရာကောင်းသည့် ၊ကြမ်းတမ်းသွက်လက်စွာ ခေတ်မီသည့်သားကို နည်းနည်းမျှ ရင်ခုန်ချင်စရာမကောင်းသည့် ခပ်တုံးတုံးနာမည်ကြီး ပေးမှပေးရက်လေခြင်း။)

သူ့မှာ စတိုင်ဘောင်းဘီ သုံးထည်၊ဂျင်းဘောင်းဘီနှစ်ထည်နှင့် ပုဆိုးသုံးထည် ရှိပါသည်။ အဲဒါတွေ အားလုံး သူရသည့်လခနှင့် ၀ယ်ထားခြင်းဖြစ်ပါသည်။ သူသည် အင်းစိန် စက်မှုသိပ္ပံမှဆင်းသော လျှပ်စစ်အင်ဂျင်နီယာပေါက်စလေး ဖြစ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်ပါသည်။ တနင်္ဂနွေနေ့လယ်တွေမှာပဲ အေးအေးဆေးဆေးတွေ့ရတတ်ပါသည်။ တစ်ခါတစ်ခါမှာတော့ ကျွန်မ အလုပ်လုပ်ရာ မိတ္တူဆိုင်သို့ သူလာပြီး စာ၇ွက်တွေ မိတ္တူကူးတတ်ပါသည်။ အဲသည်အခါမျိုးမှာ စက္ကန့်ပိုင်းလောက် စကားပြောရတတ်ပါသည်။ ထိုအချိန်များအား`ကျွန်မတို့အတွက် အပိုဆုကြေးလေးတွေ´ ဟုသူကခေါ်ပါသည်။

Bonus ဟူသောအသုံးအနှုန်းသည် အလုပ်ထဲမှ အသုံးအနှုန်းဖြစ်သော်လည်း ကျွန်မတို့အချစ်ထဲသို့ သူက ဆွဲယူလာတတ်သည်။ သူနှင့်ကျွန်မ လမ်းခွဲခါနီးတိုင်း `ငါ့ကို ဘောနပ်စ်လေးပေးခဲ့ပါဦးဟာ´ ဟု သူတောင်းတတ်သည်။ သူတောင်းဆိုသည့် အပိုဆုကြေးမှာ ငွေမဟုတ်ပါ၊ ထွေပြားဆန်းကြယ်သည့် နှုတ်ခမ်းတစ်ခုလည်း မဟုတ်ပါ။ ကျွန်မ၏လက်သန်းနှင့် သူ့လက်သန်း ချိတ်ယူကာ လက်သီးလေးတွေ ဆုပ်လျက် ကျွန်မ သူ့လက်ခုံကို လှစ်ခနဲနမ်းလိုက်သည့် နွေးထွေးမှုတစ်ခုသာ ဖြစ်တတ်သည်။ အဲဒါကို သူသည် မင်းသမီးလေး၏ ပန်းကုံးစွပ်ခံလိုက်ရသော လူဆင်းရဲကလေးတစ်ယောက်လိုပင် ကျေနပ်ကြည်နူးစွာ ခံယူတတ်ပါသည်။

တစ်ခါတစ်ခါ သူတောင်းသည့် အပိုဆုကြေးက ရယ်စရာကောင်း၏။

ကျွန်မကို သူက နှုတ်ခမ်းဆိုးဆေးတောင့် (ဈေးသိပ်မကြီးသည့်)တစ်ခု ၀ယ်ပေးပြီး သူ့ရှေ့မှာပဲ ဆိုးခိုင်းသည်၊နှုတ်ခမ်းဆိုးဆေး ဆိုးသည့်အခါ နှုတ်ခမ်းပေါ်မှာ အရောင်စွဲ၍ တင်ကျန်ရစ်စေရန် ကျွန်မက စက္ကူလက်ကိုင်ပ၀ါခေါက်လေးကို ငုံပြီး ဖိနှိပ်ပစ်လျက် နှစ်ထပ်သုံးထပ် ပြန်ဆိုးလေ့ရှိတာ သူသိထားသောကြောင့်ဖြစ်ပါသည်။သူ့နှုတ်ခမ်းနီကို သုံးကြိမ် စက္ကူဖြင့်ဖိပြီး လေးကြိမ်မြောက် ဆိုးပြီးသွားသည့်အခါ စက္ကူလက်ကိုင်ပ၀ါလေးပေါ်၌ နှုတ်ခမ်းရာသုံးခု ထင်နေခဲ့ပြီးပြီဖြစ်၏။ ထိုစက္ကူလက်ကိုင်ပ၀ါလေးကို သူက ကျွန်မဆီမှတောင်းယူပါသည်။

ပထမဆုံးအကြိမ် သူတောင်းတုန်းက ကျွန်မ မပေးချင်ခဲ့ပါ။

`ဟင်….ဘာလုပ်ဖို့လဲ´ ဟု ကျွန်မက မေးတော့ သူက ကျယ်ပြန့်စွာ ပြုံးရယ်လျက် `ဘာလုပ်လုပ်ပေါ့ ´ ဟု ဖြေခဲ့သည်။ ထို့နောက် ဘောနပ်စ်လေးအဖြစ် ပေးခဲ့ပါဟု သူပြော၏။ သူသည် အမြဲတမ်းတော့ အပိုဆုကြေး တောင်းတတ်သူမဟုတ်ပါ၊ ဒါကြောင့် ကျွန်မသူ့ကို စက္ကူလက်ကိုင်ပ၀ါလေး ပေးလိုက်ပါသည်။

ထို စက္ကူလက်ကိုင်ပ၀ါလေးကို ၇င်ဘတ်ပေါ်မှာတင်ပြီး အိပ်သည်ဟု နောက်ထပ်ဆုံမှ သူပြော၏။ နောက်ပြီး ကျွန်မမမေးဘဲနှင့် သူ့ဟာသူ မလုံမလဲနှင့် `အင်းလေ…ရင်ဘတ်ပေါ်တင်ပြီး အိပ်ရုံတော့လဲ မကဘူးပေါ့ဟာ´ ဟု ခပ်မှုန်မှုန်ပြုံးလျက် ဖွင့်ဟ၀န်ခံပါသည်။

***************************************

ကျွန်မနှင့် သူသည် တစ်ယောက်ကိုတစ်ယောက် ချုပ်ချယ်မှုတွေ တောင်းဆိုမှုတွေ ဘာတစ်ခုမှ မပြုလုပ်ကြပါ၊ သူစီးကရက်သောက်တတ်တာကို ကျွန်မ မြင်ဖူးပါသည်။ စီးကရက်ကို ကျွန်မမကြိုက်ပါ။ သူသောက်နေတာကိုလည်း မကြိုက်ပါ။ သို့သော် ကျွန်မ သူ့အား ဘာမှမတောင်းဆိုခဲ့ပါ။ စကားပြောရင်း အဆင်မပြေဖြစ်လို့ စိတ်တိုစိတ်ကောက်ရတာတွေလောက်ပဲ တစ်ယောက်ကိုတစ်ယောက် ခွင့်ပြုထားခဲ့ကြသည်။

သူနှင့် ကျွန်မ အစကတည်းက အပေးအယူတစ်ခု လုပ်ထားကြသောကြောင့် ဖြစ်ပါသည်။

`နင့် ဘ၀ထဲကို ငါ့ကိုဆွဲမခေါ်နဲ့၊ငါလဲ နင့်ကို ငါ့ဘ၀ထဲ ဆွဲမခေါ်ဘူး၊ နင်သဘောတူလား။သဘောတူရင် နင်အလုပ်ပြန်တဲ့အချိန်ထိ ငါစောင့်ပြီး အိမ်ပြန်ပေးမယ်´

`သဘောတူတယ်။နင်လဲ ငါ့ကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ မချုပ်ချယ်နဲ့´

`အေး မချုပ်ချယ်ဘူး´

ူ့ရုံးက လမ်း ၅၀မှာ ၊ကျွန်မဆိုင်က ဆိပ်ကမ်းသာလမ်းမှာ၊သူ့ရုံးက ခုနှစ်နာရီမှာ ဆင်းသည်။ထိုအခါ သူကရုံးဆင်းလျှင် ကျွန်မဆိုင်နားက လက်ဖက်ရည်ဆိုင်မှာ တစ်နာရီတိတိ ထိုင်စောင့်ပြီး အပြန်ကိုစောင့်၍ ဘတ်စ်ကား အတူစီးကြပါသည်။

သူက မောင်နှမသုံးယောက်တွင် အကြီးဆုံး။လခနှစ်သောင်းကျပ် ရသည်ကို မိဘအား တစ်သောင်းခွဲအပ်သည်ဟု သူပြောပါသည်။

ကျွန်မတို့သည် ဘတ်စ်ကား ကျပ်ညပ်နေလျှင် တစ်ယောက်ကိုတစ်ယောက် စကားပင်မပြောနိုင်အောင် စိတ်ညစ်နေကြသည်။ ဘတ်စ်ကား ချောင်လျှင်တော့ စကားပြောကြပါသည်။ သူကြည့်ပြီးသည့် ရုပ်ရှင်များအကြောင်း၊သူဖတ်သည့် မဂ္ဂဇင်းများအကြောင်းလည်းပါသည်။ သူ့ညီလေး ခွေးကိုက်ခံရလို့ ခွေးရူးကာကွယ်ဆေးသွားထိုး ရသည့်အကြောင်း၊သူ့အမေသွားကိုက်လို့ သွားဆရာဝန် သွားပြသည့်အကြောင်း စသည်စသည် မိသားစု အရေးတွေလည်းပါသည်။ ကျွန်မ၏ထီးကလေး နွမ်းနေပြီဖြစ်၍ ထီးအသစ်ကလေး ၀ယ်ပေးချင်ကြောင်းလည်းပါသည်။ကျွန်မကလည်း ကျွန်မတို့မောင်နှမတွေ တရုတ်ကားနှင့်ဘောလုံးပွဲ လုပြီး ရန်ဖြစ်ကြသည့်အကြောင်း၊မနက်စောစော အမေမနိုးသဖြင့် ကျွန်မ ဟင်းထချက်တာ ဟင်းအိုးတူးသွားသည့်အကြောင်း ရုပ်မြင်သံကြားမှ ကြော်ငြာအသစ်တွေအကြောင်း ပြောပြတတ်ပါသည်။ သူ့ကျောပိုးအိတ် ကလေးနွမ်းစုတ်နေသဖြင့် ကျောပိုးအိတ်သစ်ကလေးတစ်ခု ၀ယ်ပေးချင်လို့ တစ်လမှာ နှစ်ရာကျပ် စုထားသည့်အကြောင်း ပြောပြနေတတ်ပါသည်။

သို့သော် ကျွန်မတို့ ပြောသည့်အကြောင်းများတွင် အချစ်အကြောင်း မပါဝင်ခဲ့၊ယောင်္ကျားနှင့်မိန်းမတို့၏ လိုအင်ဆန္ဒများ မပါဝင်ခဲ့၊မာနတွေ၊မခံချင်စိတ်တွေ မပါဝင်ခဲ့။

ကျွန်မဘေးမှာ သူထိုင်နေလျှင် ကျွန်မ၏ ညအိမ်အပြန်ခရီး လုံခြုံချောမွေ့နေသည် ဟု ခံစားရသည်။သူ့ဆံပင် ဖွာဖွာလိမ်လိမ်လေးတွေက ကျွန်မနဖူးမှာ နားရွက်မှာ လာထိလျှင်၊သူ့လက်မောင်းနှင့်ကျွန်မပခုံးထင်မိလျှင် နွေးထွေးသော ချိုမြိန်မှုကို ကျွန်မခံစားရသည်။ တစ်ခါတစ်ခါ သူမရိပ်မိအောင် သူ့လက်မောင်းမှာ တစ်စက္ကန့် နှစ်စက္ကန့်လောက် ပါးအပ်ပြီး အသက်ပြင်းပြင်း ရှိုက်ရှူလိုက်ရလျှင် သူ့ နှလုံးသွေးတွေက ကျွန်မကိုယ်ထဲသို့ ပေါင်းစီးစီးဝင်သွားသလို အချစ်အရသာကို ကျွန်မ ကျေနပ်စွာ ရလိုက်သည်။

ကျွန်မ သူ့ကို စကားပြောရင်း တစ်ခါတစ်ခါ စကားဖြတ်လျက် သူ့ကို ငေးမောမိသွား၏။ သူ့က `ဘာကြည့်တာလဲ´ဟု မေးတတ်ပါသည်။

`နင်ကလေ…တစ်ခါတစ်ခါကျတော့………..´ကျွန်မပြောချင်သည့် စကားကိုမပြောတော့ဘဲ ဘာမှမဟုတ်ပါဘူးဟု ရယ်ပစ်လိုက်လျှင် `သိပ်ချစ်စရာကောင်းတာပဲ လို့ပြောမလို့မဟုတ်လား´ဟု သေချာသောအပြုံးမျိုးဖြင့် စတတ်၏။ `ဟုတ်ပါဘူး၊သိပ်ရုပ်ဆိုးတာပဲလို့ ပြောမလို့´ ဟု ကျွန်မက ဖြေလျှင် သူရယ်မောပါသည်။ `မယုံပါဘူး´ တဲ့

***********************************************************

ဒါကို အချစ်မဟုတ်ဘူးဟု တချို့က ဝေဖန်ချင် ဝေဖန်ပါလိမ့် မည်။

အချစ်ဆိုတာ ဘာလဲဟု အတိအကျအဓိပ္ပာယ် ဖော်နိုင်သူတွေကို ကျွန်မတကယ် ချီးကျူးပါသည်။ကျွန်မကတော့ အချစ်ဆိုတာကို အဓိပ္ပာယ်အတိအကျ မသိပါ။

အချစ်ဆိုတာ ပိုင်ဆိုင်ရယူလိုခြင်းလား၊ စွန်လွတ်ခြင်းလား၊ အချစ်ဆိုတာ ရင်ခုန်စွာတက်မက်ခြင်းလား ၊ စားသုံးပြီးသော်လည်း မ၀သည့် ချိုမြိန်သော ပျားရည်စက်တွေလား၊နက်ရှိုင်းစွာ တိုးဝင်ဖိှု့ ဆွဲဆောင်သည့် မွှေးပျံသော အမှောင်ထုတစ်ခုလား၊ နေပူထဲကလာသူကို အရိပ်ထဲမှ ကြိုဆို၍ တိုက်သောအေးစိမ့်သည့် ရေတစ်ခွက်လား။

အဲဒါတွေ ကျွန်မ မပြောတတ်ပါ။

ကျွန်မသိသည်က ကျွန်မ၏ အချစ်ကတော့ နူးညံ့ပျော့ပျောင်းသည့် ခွေလိမ်ဖွာလွှင့်သာ အညိုရင့်ရင့် ဆံပင်လေးများဖြစ်သည်။ ဟမ်ဘာဂါ၏ သုံးပုံတစ်ပုံလောက် ကို အလွယ်တကူ ငုံပြီး ကိုက်ယူနိုင်လောက်အောင် ကျယ်ပြန့်သော ပါးလှပ်သော နှုတ်ခမ်းတစ်စုံ ဖြစ်သည်။ အဲဗား ရေမွှေးနံ့နှင့် ချွေးနံ့ပေါင်းစပ်ပြီး ချိုမြ မွှေးသည့် ရှပ်အင်္ကျီ အိတ်ကပ်တစ်ခုဖြစ်သည်။ ပူနွေးစွာ မြဲမြံသည့် လက်ဖ၀ါးတစ်စုံဖြစ်သည်။ ဂစ်တာဘေ့စ်သံလို ခိုင်မာစွာ ဆွဲဆောင်သည့် ၀ါညက်ညက် အက်သည့်အသံတစ်ခု ဖြစ်သည်။

အဲသည့် အချစ်ကို ကျွန်မ ခံစားသိဖြင့် သိနေပါသည်။

ဒါကြောင့် အဲဒါ အချစ်ပဲ ဖြစ်သည်။

အချစ်တစ်ခု၏ ရည်မှန်းချက်သည် လက်ထပ်ခြင်းဟု ပြောလျှင် အဲသည့်စကားကို ကျွန်မလက်မခံပါ။ လက်ထပ်ခြင်းသည် အချစ်၏ သင်္ချိုင်းဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် အချစ်၏ အဆုံးသတ် ဇာတ်သိမ်း တစ်ခုဖြစ်ချင်ဖြစ်မည်။ အချစ် ၏ ခရီးဆုံးပန်းတိုင် ဖြစ်ချင်ဖြစ်မည်.။ လက်ထပ်ခြင်းသည် ဘာပဲဖြစ်ဖြစ် ကျွန်မအတွက်တော့ မှုန်ဝါးဝါး ဝေးကွာလှသည့် ပန်းချီကားတစ်ချပ်ဖြစ်သည်။ ကျွန်မ စိတ်မ၀င်စားပါ။ ကျွန်မ စိတ်ဝင်စားအောင်မဆွဲဆောင်နိုင်ခဲ့ပါ။

အချစ်တွင် တာဝန်ယူမှု၊ကတိပြုမှုပါသလား၊ မပါပါ၊

အချစ်တွင် အချစ်ပဲ ပါပါသည်။လိုက်လျှောမှုပါဝင်သော်လည်း အဲဒါဟာ တာဝန်ကြောင့်လိုက်လျှောတာမဟုတ်၊

အချစ်စိတ်သက်သက်ဖြင့် လိုက်လျောတာဖြစ်သည်။ မြတ်နိုးခြင်းသက်သက်ဖြင့် လိုက်လျောတာဖြစ်သည်။ စောင့်ရှောက်မှုပါဝင်သော်လည်း အဲဒါဟာ တာဝန်ကြောင့် ဂတိကြောင့် စောင့်ရှောက်တာမဟုတ်၊အချစ်စိတ်သက်သက်ကြောင့် ယုယစိတ်သက်သက်ကြောင့် စောင့်ရှောက်တာပဲ ဖြစ်သည်။

အချစ်သည် နွားနို့တစ်ခုမဟုတ်၍ သိုးသွားမှာချဉ်သွားမှာကို မစိုးရိမ်ရပါ၊ အချစ်ယောင်ဆောင်ထားသည့် မက်မောတွယ်တာမှုတွေကတော့ အချိန်လွန်လျှင် သိုးကုန်နိုင်ပါလိမ့်မည်။

ကျွန်မနှင့်သူ၏ အချစ်သည် ဘာနှင့်မှ ရောမနေသောအချစ်သက်သက်ဖြစ်သည်။ထို့ကြောင့် ကျွန်မတို့ ဘာမှ ထပ်မလိုအပ်တော့ပါ၊ ကျွန်မတို့မှာရှိသော အချစ်သည် တစ်ယောက်ကိုတစ်ယောက် ပေးလို့ယူလို့လည်းမရ၊

တစ်ယောက်ကိုတစ်ယောက် ခံစားလို့သာရပါသည်။ နီးလည်းသိပ်နီးမလာခဲ့ ထိုကြောင့် သိပ်ဝေးသွားမှာကိုလည်း မပူပင်ခဲ့ပါ။

သူကကျွန်မကို `ဘာလိုချင်လဲ´ ဟု ခဏခဏမေးဖူးပါသည်။ လခကောင်းတဲ့အလုပ်တစ်ခု ရချင်သည် ဟု ကျွန်မဖြေတတ်ပါသည်။

`နင်ရော ဘာလိုချင်လဲ´ ဟု သူ့ကို ပြန်မေးပါသည်။

`နင့်ကိုအလုပ်သွား အလုပ်ပြန်ဝင်ခေါ်ပေးဖို့ ကားလေးတစ်စီး လိုချင်တယ်´ဟုသူဖြေပါသည်။

`ငါတို့တွေ မနက်စောစော လမ်းမလျှောက်ရတာကြာပြီနော်´ ဟု သူကပြောတော့

`အခု မိုးကုန်တော့မှာပဲ ဆောင်းရောက်ရင် ငါတို့ လမ်းလျှောက်၊ပြေးကြမယ်လေ´ ဟု သူ့ကိုပြောမိပါသည်။

ကျပ်ညပ်နေသော ဘတ်စ်ကားပေါ်မှာမဟုတ်၊ ဆူညံနေသော လက်ဖက်ရည်ဆိုင်ထဲမှာမဟုတ်၊ ညအမှောင်မှာ ကသုတ်ကရက် အိမ်ပြန်ရသော လမ်းမှာမဟုတ် ၊နှင်းဖြင့်အေးစိမ့်သော ခြောက်သွေ့သော လတ်ဆတ်သော နံနက်ခင်းတစ်ခုမှာ အေးအေးဆေးဆေး တွေ့ချင်သည်။ တစ်ယောက်ကိုတစ်ယောက် လက်ချင်းထွေးဆုပ် ပြီးပြေးချင်သည်။ ဘိနပ်ကြိုးချည်ပေးရင်း တစ်ယောက်မျက်နှာတစ်ယောက် ငေးမောချင်သည်။ အချစ်အတွက် မျှော်လင့်ချက်တစ်ခုခု ရှိရမည်ဆိုလျှင်

``ကျွန်မမျှော်လင့်တာက ဆောင်းနံနက်ခင်း´´တွေဖြစ်ပါသည်။

ဂျူး


မအားလပ်တဲ့အချိန်တွေမှာ လာလည်သောသူငယ်ချင်းများအတွက် ကျွန်တော်နှစ်သက်သောဂျူးရဲ့ ၀တ္တုလေး ကိုဝေငှလိုက်ပါတယ်။

ဆက်ဖတ်ရန်...

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။